မြိတ်   ဩဂုတ်   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေး(၆)ဈေးတွင် ဈေးရောင်းသူဝယ် သူများအား ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းဝယ်မှုရှိစေရေးအတွက် ဩဂုတ် ၂၄ ရက် နံနက် ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။

“ အဓိကတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး မြိတ်မြို့နယ်ကို Stay at Home သတ်မှတ် ကြေညာခဲ့တဲ့ အတွက် ဈေးရောင်းချသူတွေ သတ်မှတ်ထားတဲ့ ဈေးရောင်းချခွင့်ကတ်ပြားဖြင့် ရောင်းချကြဖို့၊ ဈေးတွေမှာ စား သောက်ကုန်မှအပ ကျန်တဲ့ကုန်ပစ္စည်းတွေမရောင်းချဖို့၊ သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့် အညီရောင်းချကြဖို့  ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုး က ပြောသည်။

သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်နေမှုများအား စိစစ်ကြပ်မှတ်ဆောင်ရွက်ခြင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက မြိတ်မြို့ပေါ်ရှိ စည်ပင် သာယာရေးအဖွဲ့ပိုင်  ဈေး(၆)ဈေးအား ကွင်းဆင်း၍ ဈေးရောင်းချနေသူများအား ဈေးရောင်းချခွင့်ကတ်ပြားရှိမရှိ နှင့် ဈေးဝယ်သူများအား အပြင်ထွက်ခွင့်ကတ်ပြားရှိမရှိနှင့် ကိုဗစ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းဝယ်မှုရှိမရှိ တို့ကို စိစစ်ဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ မြို့နယ်အတွင်းရှိ ပျံကျဈေးများကိုလည်း ဈေးကော် မတီများနှင့်အတူ  စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 မြိတ်မြို့တွင် Stay at Home ကာလတွင် ပြည်သူများအနေဖြင့် အသွားအလာ ယခင်ကထက် နည်းပါး သွားကြောင်း၊ ဈေးရောင်းဝယ်သူများ  အနေဖြင့် ယခင်ကထက် စည်းကမ်းနှင့်အညီ သွားလာရောင်းချဝယ်ယူနေ သည်ကိုတွေ့ရကြောင်း၊ မြိတ်မြို့နယ် အတွင်းရှိ ဈေးများတွင် အခြေခံစားသောက်ကုန်များကို ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြကြောင်း၊ Stay at Home ကာလတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးသူဈေးသား များအား ၄င်းတို့နေအိမ်မှ ဈေးအသွားအပြန် ဆောင်ရွက်ရန်နှင့် ဈေးရောင်းချနိုင်ရန် ဈေးရောင်းချခွင့်စိစစ်ရေး ကတ်ပြား(၅၀၀၀)ကျော်ကို ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

ခိုင်ထူး( မြိတ် ပြန်ဆက် )