မြိတ် ၂၄ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ အဏ္ဏဝါရပ်၌ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီအချိန်က မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို မြိတ်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဒေါ်တင်တင်ချို ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့၀င်များ၊ ရပ်မိရပ်ဖများတက်ရောက်အားပေးခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုတွင် ရှေးဦးစွာ သတ်မှတ်နေရာသို့ ရပ်ကွက်နေ လုပ်သားပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ် ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံးများယူ ဆောင် ၍ ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ဗဟိုမီးသတ်စခန်း ယာဉ်အုပ်စုများ ရောက်ရှိလာသည်နှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ တပ်ဖွဲ့ဝင်များမှ ပိတ်မိနေသူများနှင့် ဒဏ်ရာရသူများအား ၀င်ရောက်ကယ်ဆယ်ပြီး ဒဏ်ရာရ လူနာများအား ယာယီရှေးဉီးပြုစုခြင်းစခန်းသို့လွဲပြောင်းပေးအပ်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှေးဉီးပြုစုပေးခြင်း၊ လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ မီးငြှိမ်းသတ်ရေးအဖွဲ့မှသတ်မှတ်နေရာများကို တစ်လမ်းလျှင်နှစ်စီးနှုန်းဖြင့် အနီးဆုံးနှင့် အန္တရာယ်အကင်းဆုံးထိ ၀င်ရောက်နေရာယူခြင်း၊ကားရပ်သည့်နေရာမှ သတ်မှတ်နေရာအထိ ရေပက်ပိုက် ခင်းကျင်းပြီး တိုက်ရိုက်ငြှိမ်းသတ်ခြင်းနှင့် အပေါ့စားမီးသတ်စက် အသုံးပြု၍ တစ်ဆင့်ခံ ငြှိမ်းသတ်ခြင်းများအား ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဉီးစီး ဉီးဇော်ဝင်း ဦးဆောင်၍ သန္ဓတေပ်ဖွဲ့ဝင်(၃၀)၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက (၃၅)ဦး၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ၊ ဗဟိုမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ လူနာတင်ယာဉ် သုံးစီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ စုစုပေါင်း (၉) စီးတို့ဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


