မြိတ် ၈  ဇွန်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကွန်ပျူတာတက္ကသိုလ်(မြိတ်) နှင့် မြိတ်တက္ကသိုလ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းတို့ရှိ နေရပ်ပြန်(၁၂၅)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို ဇွန် ၈ ရက်  နံနက်ပိုင်းက ကျန်းမာရေး ဝန်ထမ်းများက  ဓာတ်ခွဲနမူနာ ရယူခဲ့ကြကြောင်း သိရသည်။

 

“နေရပ်ပြန်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ကျန်းမာရေးဝန်ထမ်းများက ဓာတ်ခွဲနမူနာ (နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်) ရယူပါတယ်။ နေရပ်ပြန်အကုန်လုံးကို ဓာတ်ခွဲနမူနာ ရယူပြီးတိုင်း‌ဒေသကြီးကို ပို့ပေးမှာဖြစ်ပါတယ်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တစ်တိုင်းလုံးစုပြီး ဓာတ်ခွဲနမူနာများအား ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမယ့်  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ဆက်လက်ပို့ဆောင်မှာ ဖြစ်ပါတယ်” ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်ကိုအောင်က ပြောသည်။

 

ဓာတ်ခွဲနမူနာရယူခဲ့သူများမှာ ထိုင်းနိုင်ငံ ရနောင်းနယ်စပ်မှ ကော့သောင်းမြို့သို့ ရောက်ရှိလာကြပြီး မြိတ်မြို့သို့ ဇွန် ၆ ရက်၌ ရောက်ရှိလာကြသော နေရပ်ပြန်များဖြစ်ကြကာ ၄င်းတို့ကို  ကွန်ပျူတာတက္ကသိုလ် (မြိတ်)တွင် (၁၀၀)ဦးနှင့် မြိတ်တက္ကသိုလ်တွင်(၂၅)ဦး အသွားအလာ ကန့်သတ်စောင့်ကြည့်၍ ကျန်းမာရေး စစ်ဆေးပေးလျက်ရှိကြကြောင်း သိရသည်။

ခိုင်ထူး  (မြိတ် ပြန်/ဆက်)