မြိတ် ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ဇူလိုင် ၆ ရက် ညနေပိုင်းက စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအတွင်း ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြသည်။ 

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြိတ်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့်ဆိုင်များ၊ ဈေးများတွင် စားသောက်ကုန်မှအပ အခြားမည်သည့်ကုန်ပစ္စည်းမျှ ဖွင့်လှစ်ရောင်းချခြင်းမပြုလုပ်ရန်၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အအေးဆိုင်များ၊ လမ်းဘေးဈေးဆိုင်များအတွင်း ဆိုင်ထိုင်စားသောက်ခြင်း မပြုလုပ်ရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးရန် ဇူလိုင် ၅ ရက်မှ စတင်လိုက်နာဆောင်ရွက်ကြရန် ဇူလိုင် ၄ ရက်တွင် အသိပေးကြောညာထားရှိပြီး ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်မှုမရှိပါက တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဉပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားရှိသည်။

“စည်ပင်သာယာရေးမှ ကြေညာထားတဲ့အပေါ်မှာ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးတာပါ။ လိုက်နာဆောင်ရွက်မှုမရှိတဲ့ ပါဆယ်စနစ်မရောင်းတဲ့ဆိုင်တွေကို တွေ့ရှိရပြီး သတိပေးခဲ့တဲ့ဆိုင်တွေနှင့် (၃)ရက် ပိတ်သိမ်းခဲ့တဲ့ ဆိုင်တွေရှိပါတယ်။ ပါဆယ်စနစ်ဖြင့် ရောင်းနေတဲ့ဆိုင်တွေလည်းရှိပါတယ်။ ကျန်းမာရေးမှ ထုတ်ပြန်ညွှန်ကြားထားတဲ့ လိုအပ်ချက်တွေကို ဆွေးနွေးပြောကြားခဲ့တာလည်း ရှိပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။

ရှောင်တခင်စစ်ဆေးခြင်းကို ကန်ကြီးရပ်ကွက်၊ မြန်အောင်ရပ်ကွက်၊ ရေပုန်းရပ်ကွက်နှင့် ကမ်းနားလမ်းတို့ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား စစ်ဆေးရာ၌ လိုက်နာဆောင်ရွက်မှု အားနည်းသည့်ဆိုင်များကို သတိပေးလက်မှတ်ရေးထိုးစေခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိသည့် ဆိုင်များကို ပထမအကြိမ် (၃)ရက် ယာယီပိတ်သိမ်းစေခဲ့ကာ ဆိုင်ပြန်ဖွင့်သည့်အခါ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားခဲ့ကြသည်။

“မြိတ်မြို့မှာ ကိုဗစ်နဲ့ပတ်သက်ပြီး ရောဂါဖြစ်ပွားမှုက တိုးပွားလာတယ်။ ဆိုင်တွေကလည်း လိုက်နာဆောင်ရွက်မှု အားနည်းတာတွေ့ရတဲ့အတွက် ရောဂါဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်ကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ စဉ်ဆက်မပြတ်ကြပ်မတ် သွားမှာပါ” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဖြည့်စွက်ပြောကြားသည်။    
 
စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်းရှိ/မရှိကို နေ့စဉ်လိုက်လံ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးပြီးစီးခဲ့သည့် ဆိုင်များနှင့် လိုက်နာဆောင်ရွက်မှုမရှိသည့် ဆိုင်များကိုလည်း ဆိုင်ထိုင်စားသောက်ခြင်း မပြုလုပ်ရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်းရှိမရှိကို ထပ်မံ၍ ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)