မြိတ် ၁၃ ဧပြီ
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားလျက်ရှိရာ မြိတ်မြို့၌ အဆိုပါရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးများနှင့် ဈေးနယ်နိမိတ်အတွင်း ဧပြီ ၁၄ ရက်မှစတင်ကာ ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းများကို နေ့တစ်ဝက်သာ ရောင်းချရန်နှင့် အခြားကုန်ပစ္စည်းများ မရောင်းချရန် စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းချက်များနှင့် တားမြစ်ချက်ထုတ်ပြန်လိုက်သည်။
“မြိတ်မြို့မှာ လူစုလူဝေးအများဆုံးနေရာသည် ဈေးဖြစ်နေတယ်။ အဲဒီ ဈေးဖြစ်နေတဲ့အတွက်ကြောင့် ဈေးကို လူစုလူဝေးလျှော့ချတဲ့အနေနဲ့ နေ့တစ်ဝက်ဈေး ဆောင်ရွက်တာပါ။ မနက်(၆)နာရီမှ (၁၂)နာရီအထိ ဆောင်ရွက်ပြီး ဈေးရောင်းတဲ့သူတွေအားလုံးကိုလည်း နှာခေါင်းစည်းတပ်ရပါ့မယ်။ လက်အိတ်စွပ်ရပါ့မယ်။ ဈေးထဲဝင်လာသူ အားလုံးကလည်း နှာခေါင်းစည်းတပ်ရမယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာပါက ကူးစက်မှုဆိုင်ရာ ဉပဒေအတိုင်း အရေးယူဆောင်ရွက်သွားပါ့မယ်” ဟု စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
ပြည်သူများမှ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်နိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဧပြီ ၁၂ ရက် နေ့လယ်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးကော်မတီနှင့် ဈေးကော်မတီများ တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့မှ အမိန့်ကြေညာစာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အမိန့်ကြေညာစာတွင် ဈေးနှင့် ဈေးနယ်နမိတ်များအတွင်း ဆေးဝါးနှင့် အစားအသောက်ကုန်ပစ္စည်းများ၊ ကုန်ခြောက်ပစ္စည်းများ ရောင်းချရန်၊ အခြားကုန်ပစ္စည်းများ ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊ နံနက်(၆)နာရီမှ မွန်းတည့်(၁၂)နာရီအထိသာ ဖွင့်လှစ်ရောင်းချရန်၊ နာမကျန်းဖြစ်သူများ ဈေးအတွင်း ဝင်ထွက်သွားလာခြင်း မပြုရန်၊ ဈေးရောင်းချသူများ လက်အိတ်နှင့် နှာခေါင်းစည်းတပ်ဆင်ရန်နှင့် နှာခေါင်းစည်းမတပ်ဆင်သူများ ဈေးအတွင်း ဝင်/ထွက်သွားလာခြင်းမပြုရန်၊ ဈေးရောင်းဝယ်သူများ အနည်းဆုံး (၃)ပေကွာဆောင်ရွက်ရန်၊ မိမိပတ်ဝန်းကျင်တွင် သံသယလူနာတွေ့ရှိပါက ဈေးကော်မတီထံ ချက်ချင်းအသိပေးဆောင်ရွက်ရန်တို့ ပါရှိပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဉပဒေများဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


