မြိတ်  ဇူလိုင်   ၁၆

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ဆိုက်ရောက် ထွက်ခွာလျက်ရှိကြသော တိုင်းဒေသကြီး အတွင်း/ပြင်ပ ခရီးသည်တင် ယာဉ်လိုင်းများအားလုံးကို  ခရီးသည်တင်ပြေးဆွဲခြင်းအား ဇူလိုင်လ ၁၆ ရက် ည ၈ နာရီမှ   ရပ်နားထားကြရန် မြိတ်မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ  ယာဉ်လိုင်းများအားလုံးကို အသိပေး အကြောင်းကြားထားကြောင်း သိရသည်။

 

“ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွားမှုအများစုမှာ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ သွားလာနေသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များနဲ့ ပြည်သူအချို့ပါဝင်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ စိစစ်တွေ့ရရှိရကြောင်း၊ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် ဇူလိုင် ၁၇ ရက်မှစ၍ တိုင်းဒေသကြီးအတွင်း ယာယီကန့်သတ် တားမြစ်ထားရန် ညွှန်ကြားလာခဲ့ပါတယ် ” ဟု မြိတ်မြို့နယ် ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်သူ က ပြောသည်။

 

mdn

 

ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်ဖြင့် ခရီးသည်တင် ယာဉ်လိုင်းများအားလုံးကို ယာဉ်လိုင်းပြေးဆွဲခြင်းအား ရပ်နားထားကြရန်၊ ကုန်တင်ယာဉ်များ အားလုံးကိုလည်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြေးဆွဲကြရန်နှင့် ခရီးသည်တင်ယာဉ်များအားလုံး သတ်မှတ်ချက်ထက် ကျော်လွန်၍ ရပ်နားထားခြင်းမရှိဘဲ ပြေးဆွဲနေပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဉပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ ယာဉ်လိုင်းများအား အသိပေးအကြောင်းကြားထားသည်။

             

မြိတ်မြို့သို့ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် ခရီးသည်တင်ယာဉ်လိုင်းများတွင် တိုင်းဒေသကြီး ပြင်ပ မှ ဆိုက်ရောက် ထွက်ခွာယာဉ်လိုင်း ၂၅ လိုင်းနှင့် တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း ၄၀ လိုင်း စုစုပေါင်းယာဉ်လိုင်း ၆၅ လိုင်းရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်၊ ရုံးလုပ်ငန်းကိစ္စ၊ ကျန်းမာရေးကိစ္စနှင့် နာရေးကိစ္စယာဉ်များကို ယာဉ်ဝင်ထွက်ခွင့် ပြုထားကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

mdn