မြိတ်  ၂၆  မတ်  

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ပြန်လာပြီး မြိတ်မြို့သို့ ကော့သောင်းမြို့မှ မတ်လ ၂၆ ရက် နံနက် ၃ နာရီခွဲက လွှဲပြောင်းရောက်ရှိလာသော ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ (၃၄)ဦးအား မြိတ်ပြည့်သူ့ဆေးရုံတွင် အဖျားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများအား စစ်ဆေးခဲ့ပြီး ၄င်းတို့အား အေးရိပ်ချောင်တရားရိပ်သာတွင် ခေတ္တစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း သိရသည်။

“ဒီနေ့မနက်မှာ အရေးပေါ်ဌာနကိုရောက်လာတယ်။ သူတို့က ရနောင်းကပြန်လာပြီး ကော့သောင်းအဝင်မှာ စစ်ဆေးတော့ မြိတ်ခရိုင်ထဲမှ ဖြစ်နေတော့ ကော့သောင်းမှာ စောင့်ကြည့်မှုမလုပ်တော့ဘဲ မြိတ်ကိုလွှတ်လိုက် တယ်လို့သိရတယ်။ ဆေးရုံမှာ စမ်းတဲ့အချိန်အဖျားမရှိကြဘူး။ အသက်ရှူကျပ်တဲ့ လက္ခဏာမရှိကြဘူး။ ပြည်ပကနေ ပြန်လာတာဖြစ်တဲ့အတွက် လောလောဆယ် အေးရိပ်ချောင်တရားရိပ်သာတွင် ခေတ္တစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်း က ပြောသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသူများသည် ကျန်းမာရေးကောင်းမွန်လျက်ရှိရာ Covid 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ၄င်းတို့အား နေအိမ်စောင့်ကြည့်ခြင်းကို ဆောင်ရွက် ရန် ဆုံးဖြတ်ခဲ့ကြ၍ ၄င်းတို့အား နေအိမ်စောင့်ကြည့်အဖြစ် လိပ်စာအပြည့်အစုံရယူပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။    

ထို့အတူ မြိတ်ခရိုင်အတွင်း ရပ်ကွက်/ကျေးရွာအသီးသီးသို့ ၄င်းတို့အစီအစဉ်များဖြင့် ရောက်ရှိလာကြသော ပြည်တော်ပြန်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်း၍ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြသည်။ 

မြိတ်ပြည်သူ့ဆေးရုံတွင် ဆေးရုံစောင့်ကြည့်လူနာ(၃)ဦးနှင့် သံသယလူနာတစ်ဦးရှိခဲ့ပြီး သံသယလူနာမှာ  ရောဂါပိုးမရှိပါကြောင်း  မတ်လ(၂၅) ရက် ညပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)