မြိတ် ၁ မေ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် ရန်ကုန်မှ မြိတ်သို့ လေကြောင်း ခရီးစဉ်ဖြင့် မေလ (၂)ရက်နေ့မှစ၍ လာရောက်သူများအားလုံး Quarantine စခန်းနေရာများတွင် မိမိအစီအစဉ်ဖြင့် (၂၁)ရက် ဝင်ရောက်ကြရမည်ဖြစ်ပြီး နေအိမ်တွင်(၇)ရက် Quarantine နေထိုင်ကြရမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ရန်ကုန်မှ မြိတ်သို့ လေကြောင်း ခရီးဖြင့် ရောက်လာသူများအားလုံးကို Quarantine စခန်းနေရာများတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ရေ၊ မီး Facility ဆောင်ရွက်ပေးမည်ဖြစ်ပြီး စားစရိတ်နှင့် အသုံးအဆောင်များ ( အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး )ကို မိမိအစီအစဉ်ဖြင့် အသုံးပြုကြရန် နှင့် အလှူရှင်ရှိသည့်နေ့တွင် ကျွေးမွေးသွားရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မေလ(၁)ရက် နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် မတ်လစတုတ္ထအပတ်မှ စတင်ကာ မြို့နယ်အတွင်း Quarantine စခန်း(၂၉)ခုဖွင့်လှစ်၍ ပြည်ပမှနေရပ်ပြန်(၅၀ဝ)ဦးခန့်နှင့် ပြည်တွင်း နေရပ်ပြန် (၂၅၀)ဦး ကျော်ကို Facility Quarantine ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြပြီး စခန်းမှ ပြန်လည် စေလွှတ်သူ (၆၄၀)ကျော်ရှိခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် Quarantine စခန်း(၆)ခု၌ နေရပ်ပြန်(၁၀၉)ဦးအား Facility Quarantine ထားရှိ၍ ကျန်းမာရေးစောင့် ရှောက်ပေးလျက်ရှိသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကာလတွင် မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိကြ သော (တိုင်းဒေသကြီး အတွင်း/အပြင်) ခရီးသည်တင်ယာဉ်လိုင်းများအားလုံးကို မေလ(၁၅)ရက်အထိ ခေတ္တရပ် နားထားရှိပြီး လေကြောင်းခရီးစဉ်အနေဖြင့် KBZ လေကြောင်းလိုင်းမှ ဧပြီလ(၁၉)ရက်မှ စတင်ကာ ပြန်လည်ပြေး ဆွဲလျက်ရှိကာ မေလ(၂)ရက်နေ့မှ စတင်ကာ မြန်မာအမျိုးသား လေကြောင်းလိုင်းနှင့် KBZ လေကြောင်းလိုင်းတို့မှ ခရီးစဉ်များ ပျံသန်းပြေးဆွဲကြမည်ဖြစ်သည်။
မြိတ်မြို့နယ်အနေဖြင့် နေရပ်ပြန်များအတွက် Quarantine စခန်း ဖွင့်လှစ်ရန်နေရာ(၃၅)ခုနှင့် စခန်းများ တွင် ဝင်ဆံ့သည့်ဦးရေ(၁၁၄၆)ဦး လျာထားကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေ၊ မီး၊ မိလ္လာ ပြည့်စုံမှုရှိစေရန် Quarantine စခန်းများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ် Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


