မြိတ် ၂၀ ဧပြီ
ဧပြီ ၂၀ ရက်မှ စတင်ကာ မြိတ်မြို့သို့ တနင်္သာရီတိုင်းဒေသကြီး ပြင်ပမှ ခရီးသည်တင် မော်တော်ယာဉ်လိုင်း၊ လေကြောင်းလိုင်းများဖြင့် ရောက်ရှိလာမည့်သူအားလုံး Community Based Facility Quarantine (၂၁) ရက် ဝင်ရောက်ကြရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများပါဝင်သည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။
“ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပြည်ပကပြန်လာသူ အပါအဝင် တနင်္သာရီတိုင်းဒေသကြီး ပြင်ပမှ ရောက်ရှိလာသူအားလုံး သက်ဆိုင်ရာ ရပ်ကွက်အလိုက် (၂၁) ရက် Quarantine ထားရှိဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း က ပြောသည်။
မြိတ်မြို့တွင် သင်္ကြန်ကာလအတွင်း ခရီးသည်တင်ပြေးဆွဲခြင်းအား ဧပြီ (၁၀) ရက်မှ (၁၉) ရက်အထိ ရပ်နားထားခဲ့ပြီး ယနေ့မှစတင်ကာ ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။ လေကြောင်းခရီးစဉ်အနေဖြင့် ဧပြီ (၁၉) ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲလျက်ရှိသည်။
“ ပြည့်သူတွေက Social Media တော်တော်များများ သုံးနေတဲ့အတွက်ကြောင့် ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး အစိုးရရဲ့ညွှန်ကြားချက်၊ ပန်ကြားချက် ထွက်လာတာတွေကို သူတို့တော်တော်များများ လိုက်နာကြတယ်။ အခက်အခဲ မတွေ့ရသလောက်ဘဲ၊ ရောဂါနဲ့ပတ်သက်ပြီး စစ်ဆေးချင်တာဘဲဖြစ်ဖြစ် အသိပညာ ဖြန့်ဝေချင်တာဘဲဖြစ်ဖြစ် လူထုက တော်တော်များများ လိုက်နာကြပါတယ်။ Quarantine လုပ်တဲ့အပိုင်းတွေမှာ ရေတိုနဲ့တော့ပြီးမှာ မဟုတ်ဘူးလို့ထင်တယ်။ နှစ်လတန်သည် သုံးလတန်သည် ကြာလိမ့်မယ်။” ဟု ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောသည်။
မြိတ်မြို့နယ်တွင် လက်ရှိအချိန်၌ နေရပ်ပြန်များအား Facility Quarantine ဆောင်ရွက်ထားရှိမှု အနေဖြင့် စခန်း(၉)ခု၌ (၂၅၄) ဦးအား စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေး စစ်ဆေးပေးလျက်ရှိပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြသည်။ မြိတ်မြို့ပြည်သူ့ဆေးရုံ၌ ဆေးရုံစောင့်ကြည်လူနာအဖြစ် (၁၀) ဦးအထိရှိခဲ့သော်လည်း အားလုံးသည် ကိုဗစ် - ၁၉ ရောဂါပိုးမရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )