မြိတ် ၁၈ မတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ မတ်လ(၁၇)ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ မြိတ်မြို့သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံသား(၁၂)ဦးအား အဖျားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ စမ်းသပ်စစ်ဆေးရာ မတွေ့ရှိရသဖြင့် ၎င်းတို့နေထိုင်ရာနေရာတွင် သီးခြားနေထိုင်စေကာ (၁၄)ရက်စောင့်ကြည့်ကာ နေ့စဉ် စစ်ဆေးမှုများ ဆောင်ရွက်ရန် ဆေးရုံအုပ်ကြီးမှ ညွှန်ကြားထားကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် မြိတ်မြို့ ကမ်းနားလမ်းရှိ Sea View Condo စီမံကိန်းမှ ဆောက်လုပ် ရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ပြီး တရုတ်နိုင်ငံမှ ရွှေလီလေကြောင်းလိုင်းဖြင့် မတ်လ(၁၆)ရက်နေ့၌ ရန်ကုန်သို့ ပြန်လာကာ ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့်(၆)ဦးနှင့် မိုးကောင်းကင်ခရီးသည်တင် မော်တော်ကားဖြင့် (၆)ဦး စုစုပေါင်း(၁၂)ဦးသည် မြိတ်မြို့သို့ မတ်လ(၁၇)ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြိတ်အဝေးပြေးကားဝင်းသို့ ရောက်ရှိလာသော တရုတ်နိုင်ငံသား(၆)ဦးသည် ကျန်းမာရေးစစ်ဆေးမှုကို မခံယူဘဲ အဝေးပြေးကားဝင်းမှ မော်တော်ကားဖြင့် ထွက်ခွာသွားကြောင်း ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်ဖြင့် တာဝန်ရှိသူများက ၄င်းတို့အား ဆက်သွယ်ခေါ်ယူကာ မြိတ်ပြည်သူ့ဆေးရုံတွင် အဖျားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ စမ်းသပ်စစ်ဆေးခဲ့ပြီး ၄င်းတို့နေထိုင်ရာ လုပ်ငန်းခွင်နေရာသို့ ကျန်းမာရေး စစ်ဆေးရေးအဖွဲ့မှ ၄င်းတို့(၁၂)ဦးအား ထပ်မံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
“ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ တာဝန်ရှိသူများက ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား(၆)ဦးအား ပြည်သူ့ဆေးရုံသို့ ဆက်သွယ်ခေါ်လာရာ COVID-19 သံသယလူနာလာရင် စမ်းသပ်စစ် ဆေးမယ့်အဖွဲ့မှ ၄င်းတို့ကို ရာသီဥတုပူတဲ့အတွက် ခဏစောင့်ခိုင်းတယ်။ ကိုယ်အပူချိန်ရှိမရှိ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိမရှိ စမ်းသပ်ပါတယ်။ စမ်းတဲ့အခါမှာ ဒီဟာနဲ့ပတ်သက်လို့ ဘာမှ မရှိဘူး။ လောလောဆယ် တစ်ယောက်မှ ဖျားနာတာမရှိဘူး။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာမရှိတဲ့အတွက် ၄င်းတို့နေထိုင်တဲ့ Seaa View Condo လုပ်ငန်းခွင်မှာ တရုတ်နိုင်ငံမှ ရောက်ရှိလာတဲ့(၁၂)ဦးကို (၁၄)ရက်တိတိ အပြင်ထွက်ခွင့်မပေးဘူး။ တာဝန်ရှိသူများက သူတို့ကို ခံဝန်ထိုးပြီး စောင့်ကြည့်နေပါတယ်။ ကျန်းမာရေးဘက်က တာဝန်ရှိသူတွေကလည်း နေ့တိုင်း ဒီ(၁၂)ယောက်ကို စစ်ဆေးသွားပါ့မယ်။ ဒီကာလမှာ တစ်ခုခုဖြစ်မယ်ဆိုရင် ဆေးရုံကို ချက်ချင်းခေါ်ပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ပါ့မယ်။ ပြည်သူတွေအားလုံးကလည်း ဒီကိစ္စနဲ့ အလန့်တကြားမဖြစ်ကြဖို့နဲ့ ကျန်းမာရေးဌာနမှ လိုအပ်တဲ့ကာကွယ်မှုတွေကို တောက်လျှောက်ဆက်ပြီးလုပ်သွားမယ်လို့ပြောကြားလိုပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်ကေ ပြောသည်။
မြိတ်အဝေးပြေးကားဝင်းမှ တရုတ်နိုင်ငံသားများရောက်ရှိလာပြီး ကျန်းမာရေးစစ်ဆေးမှုကို မခံယူဘဲ မော်တော်ကားဖြင့် ထွက်ခွာသွားသဖြင့် ပြည်သူများမှ စိုးရိမ်မှုများမြှင့်တက်ခဲ့ခြင်းဖြစ်ကာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စစ်ဆေးဆောင်ရွက်မှုကို အချိန်တိုအတွင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံခြားသားများလိုက်ပါလာသော ခရီးသည်တင်မော်တော်ကားများအား စမ်းသပ်စစ်ဆေးမှုကို မခံယူဘဲ ထွက်ခွာသွားခြင်းမရှိစေရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကားဂိတ်နှင့် မော်တော်ယာဉ်လိုင်းများကို ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


