မြိတ် ၂၃ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ သန်းဖိုရပ်၊ တောင်ပတ်လမ်း၌ နိုဝင်ဘာ ၂၃ ရက် နံနက် ၄ နာရီ ၂၅ မိနစ်အချိန်ခန့်က လူနေအိမ်တွင် လက်ကိုင်ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း မြိတ်ခရိုင်မီးသတ် ဉီးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ သန်းဖိုရပ်၊ တောင်ပတ်လမ်းရှိ ဒေါ်သွယ်သွယ်အေး ပိုင်ဆိုင်ပြီး ဉီးမျိုးမင်းထိုက် ငှားရမ်းနေထိုင်သော အလျား(၁၂)ပေ၊ အနံ(၂၅)ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်လူနေအိမ်တွင် လက်ကိုင်ဖုန်း အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင် ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ နံနက်(၄)နာရီ(၃၈)မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် လူနေအိမ်၏အပေါ်ထပ်နှင့် ပန်ကာ(၂)လုံး၊လက်ကိုင်ဖုန်း(၂)လုံး မီးလောင်ဆုံးရှုံးပြီး ဉီးမျိုးမင်းထိုက်ကို မြိတ်မြို့မရဲစခန်းက အရေးယူဆောင်လျှက်ရှိကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)


