မြိတ် ၂၁ နိုဝင်ဘာ
အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဖော်ဆောင်ပေးခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သော (၉၉) နှစ်မြောက် အမျိုးသားအောင် ပွဲနေ့အခမ်းအနားကို နိုဝင်ဘာလ(၂၁)ရက်၌ နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ မြိတ်မြို့၌ အထက(၁)ကျောင်း ပညာဗိမာန်ခန်းမတွင် နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားကို အထက(၁)ကျောင်းမှ ကျောင်းသား/သူများက ပြည်မြန်မာ သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် က ဖတ်ကြားသည်။
ယင်းနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ၊ အလယ် တန်း အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိ ခဲ့ကြသော ကျောင်းသား ကျောင်းသူ များအား တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အထက(၅) ကျောင်းမှ ကျောင်းသား/သူများက ဇာတိမာန် သီချင်းသီဆို၍ အခမ်းအနား ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )