မြိတ်   ၂၈  စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ပြည်သူများ စားသုံးရန်နှင့် သုံးစွဲရန်မသင့်သည့်   အစားအသောက်၊ ဆေးဝါး၊ အလှကုန်များကို  ရောင်းချခြင်းမရှိစေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် စက်တင်ဘာလ(၂၈)ရက် နံနက်ပိုင်းက မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ  ရှောင်တခင်စစ်ဆေးခဲ့ကြသည်။

 

mdn

 

 “ အစားအသောက်ဆိုင်များ စစ်ဆေးရာမှာ ဂျယ်လီ၊ ငါးပိ၊ ပုစွန်ခြောက်တို့မှ နမူနာ(၅)မျိုးဝယ်ယူခဲ့ပြီး ခွင့်မပြု ဆိုးဆေးများသုံးစွဲထားခြင်းရှိမရှိ စစ်ဆေးဖို့ တိုင်းရုံးကိုပို့မှာဖြစ်ပါတယ်။ အထူးအနေနဲ့ အာဂျီနိုမိုတို အမှတ်တံဆိပ် ဟင်းခတ်အချိုမှုန့် အတုအစစ်ရောင်းချမှုရှိမရှိ စစ်ဆေးခဲ့ကြပြီး အာဂျီနိုမိုတို အမှတ်တံဆိပ် ဟင်းခတ်အချိုမှုန့် အတုရောင်းချနေတာ(၂)ဆိုင်တွေ့ရ၍ ကော်မတီအဖွဲ့တွေနဲ့အတူ ပစ္စည်းသိမ်းဆည်းပြီး နောက်နောင် ရောင်းချ ခြင်းမရှိစေရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ပါတယ် မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်နန်းမေသန်းနု  က ပြောသည်။

 

ရှောင်တခင် စစ်ဆေးဆောင်ရွက်ရာ၌ ဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များ၊ ဆေးဝါး အရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော စားသောက်ကုန်များ၊ ဆေးဝါးများတို့ကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသည့် အလှကုန်ပစ္စည်း၊ စံမညီဆေးဝါးများ၊ အစားအသောက်များတွင် တားမြစ်ဓာတုပစ္စည်းများပါဝင်ခြင်းရှိမရှိကို  မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )