မြိတ် ဩဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်စက်ရုံတစ်ရုံနှင့် ကလွင်ကျေးရွာဘုတ်ချောင်းတွင် အောက်ဆီဂျင် စက်ရုံတစ်ရုံ တည်ဆောက်လျက်ရှိသည်။ “ အောက်ဆီဂျင်စက်ရုံ နှစ်ခုရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းတာတစ်ခုနဲ့ အလှူရှင်များက လှူဒါန်းတာ တစ်ခုဖြစ်ပါတယ်။ ပြည်ပမှ မှာယူထားတဲ့ စက်တွေဖြစ်တဲ့အတွက် အရင်ရောက်လာတဲ့ စက်ကို ပြည်သူ့ဆေးရုံရှိအောက်ဆီဂျင်စက်ရုံမှာ ဦးစားပေးတပ်ဆင်မှာ ဖြစ်ပါတယ်” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောကြားသည်။

တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံနှစ်ရုံတွင် ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင် စက်ရုံသည် တည်ဆောက်ပြီးစီးမှုအနေဖြင့် ၈၀ ရာခိုင်နှုန်းနှင့် ကလွင်ကျေးရွာဘုတ်ချောင်းတွင် တည်ဆောက်လျက်ရှိသည့် စက်ရုံသည် ၄၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးပြီဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင်စက်သည် တစ်နေ့လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး ၁၈၀ မှ ၂၀၀ ခန့် ထွက်ရှိနိုင်ကြောင်း၊ စေတနာရှင်အလှူရှင်များ လှူဒါန်းထားသည့် အောက်ဆီဂျင်စက်မှ အောက်ဆီဂျင်အိုး အလုံး ၁၀၀ မှ ၁၂၀ ခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)