မြိတ် ၁ အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို တောင်သာယာဘိုးဘွားရိပ်သာတွင် ကျင်းပခဲ့ပြီး အသက်(၁၀၇)နှစ် အဘိုးအပါအဝင် အဘိုးအဘွား (၇၅)ဦးအား အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများနှင့် စေတနာရှင်များက ကန်တော့လက်ဆောင် ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

 

ရှေးဦးစွာ ဘိုးဘွားများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်က အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ လျှောက်ထားတင်ပြပြီး အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ကန့်တော့ခဲ့ကြသည်။ ထို့နောက် အဘိုးအဘွားများကိုယ်စား အဘိုး ဦးတင်လှက ဝမ်းမြောက်စကားပြောကြားပြီး ဘိုးဘွားများက ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

 

ဆက်လက်၍ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ အသက်အကြီးဆုံး အဘိုး(၃)ဦးနှင့် အဘွား(၃)ဦး စုစုပေါင်း(၂၄)ဦးအား တစ်ဦးလျှင် ဂျပန်စောင်၊ အိပ်ယာခင်း၊ အင်္ကျီတစ်ထည်၊ သုံးသောင်းကျပ်စီ ကိုလည်းကောင်း၊ ဘိုးဘွားရိပ်သာမှ ဘိုးဘွား(၄၁)ဦးနှင့် ရွှေရတီသက်ကြီးနေ့ပိုင်း စောင့်ရှောက်ရေး စင်တာမှ ဘိုးဘွား(၁၀)ဦးအား ဂျပန်စောင်၊ အိပ်ယာခင်း၊ အင်္ကျီတစ်ထည်၊ တစ်သောင်းကျပ်စီဖြင့် လည်းကောင်း လှူဒါန်းကန်တော့ခဲ့ကြသည်။ ယင်းနောက် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းပေးအပ်၍ အဘိုးအဘွားများအား ကျန်းမာရေးဆေးစစ် ကုသပေးခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)