မြိတ်၊ ၈ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အထပ်မြင့်အဆောက်အဦများတွင် မီးလောင်မှုနဲ့ အန္တရာယ်များ ဖြစ်ပွားလာပါက မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး(၇)လွှာ အထပ်မြှင့်အဆောက်အဦတွင် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
“အထပ်မြင့်အဆောက်အဦတွေမှာ မီးလောင်မှုနဲ့ အန္တရာယ်တွေဖြစ်လာတဲ့အခါမှာ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စနစ်တကျနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်အောင် လေ့ကျင့်တာဖြစ်ပါတယ်။ မြိတ်မြို့မှာဆိုရင် အထပ်မြင့်အဆောက်အဦ (၂၅၀)ကျော် ရှိလာပြီဖြစ်ပါတယ်။ ဒါဟာ မီးသတ်တပ်ဖွဲ့ရဲ့ စိန်ခေါ်မှုတစ်ခုလို့ ယူဆပါတယ်။ အဲဒီကြောင့် အထပ်မြင့်အဆောက်အဦတွေမှာ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်တဲ့အခါမှာ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အမြဲတမ်းကြိုးစားပြီး နှစ်စဉ်လေ့ကျင့်နေရမှာ ဖြစ်ပါတယ်” ဟု မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း က ပြောသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်ယာဉ်များစခန်းမှထွက်ခွာ၍ သတ်မှတ်နေရာသို့ စတစ်တကျ နေရာယူခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များမှ အဆောက်အဦ ဒုတိယအထပ်သို့ လှေကားထောင်တက်၍ Fire Point နေရာအား မီးငြှိမ်းသတ်ခြင်း၊ လှေကားတင်မီးသတ်ယာဉ်ဖြင့် (၅)လွှာသို့ လှေကားထောင်ကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ပိတ်မိနေသည့်သူများအား ကယ်ဆယ်ပြီး ရှေးဦးပြုစုခြင်း၊ လူနာအား လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက (၄)လွှာသို့ လှေကားအတိုင်းတက်ရောက်၍ Fire Point နေရာအား (Hose Deployment & Nozzle Technique System)အသုံးပြု၍ မီးထိန်းခြင်းနှင့် ငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
“အထပ်မြင့်အဆောက်အဦနဲ့ ပတ်သက်လို့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်တဲ့အခါမှာ လက်ရှိလှေကားတင်ကား တစ်စီးပဲရှိပါတယ်။ တကယ်တန်းကြီးမားတဲ့လုပ်ငန်းတွေ ဆောင်ရွက်ရမယ်ဆိုရင် ဒီတစ်စီးနဲ့မလုံလောက်တော့ပါဘူး။ ဒါပေမယ့် တတ်နိုင်သ၍ ဒီတစ်စီးတည်းနဲ့ ကြိုးစားပြီး ဆောင်ရွက်နေကြပါတယ်” ဟု မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူးက ထပ်လောင်းပြောဆိုသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ လှေကားတင် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ စုစုပေါင်း (၅)စီးတို့ဖြင့် မီးငြှိမ်းသတ်ရေး အဖွဲ့(၁)နှင့် (၂)၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ဆေးအဖွဲ့ စုစုပေါင်း(၄)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)


