မြိတ် ၂၃ မတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အထပ်မြင့်အဆောက်အဦများ၌ မီးလောင်မှုဘေးအန္တရာယ်များ ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး လုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကန်ဖျားရပ်ကွက်ရှိ (၇)လွှာ အဆောက်အဦတစ်ခုတွင် ယနေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
ဇာတ်တိုက်လေ့ကျင့်မှုတွင် အထပ်မြင့်၌ ပိတ်မိနေသူအား အထပ်မြှင့်မီးငြိှမ်းသတ်ယာဉ် လှေကားအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ပြိုကျပျက်စီးနေသော အခန်းအတွင်းရှိ ပိတ်မိနေသူများအား Cutter များ အသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုပေးခြင်းနှင့် ဒဏ်ရာရလူနာအား လူနာ တင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်း စသည်ဖြင့် လေ့ကျင့်ခဲ့ကြသည်။
မီးငြိှမ်းသတ်ရေးတွင် မီးသတ်ယာဉ်များနှင့် လှေကားတင်ယာဉ်တို့ဖြင့် မီးထိန်းခြင်း၊ မီးငြှိမ်းသတ်ရေး အဖွဲ့မှ အထပ်မြင့်အဆောက်အဦ၏ Fire Point အခန်းအတွင်းသို့ ဝင်ရောက်ပြီး Nozzle Technique များ အသုံးပြုငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များနှင့် လှေကားတင်ယာဉ်တို့ဖြင့် မီးလောင်မှုအား အပြီးသတ် ငြှိမ်းသတ်ခြင်း ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ လှေကားတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ စုစုပေါင်း (၈)စီးတို့ဖြင့် အထပ်မြင့်အဆောက်အဦး ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


