မြိတ် နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘတ်စကက်ဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မားဂွီး ပုလဲဘတ်စကက်ဘော ကလပ်တို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော ဆောင်းရာသီ ဘတ်စကက်ဘောအားကစား အခြေခံသင်တန်းကို နိုဝင်ဘာလ(၂၈)ရက် ညနေပိုင်းက ခရိုင်အားကစားခန်းမတွင် သင်တန်းဆင်းခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးထွန်းရှိန်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်း ထူးချွန်ဆုရရှိသော သင်တန်းသား(၂)ဦးအား ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုဇော်က ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုနောက် မားဂွီးပုလဲ ဘတ်စကက်ဘောကလပ်ဉက္ကဌ ဦးစစ်အင်က သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်၍ မြို့နယ်ဘတ်စကက်ဘော ဆပ်ကော်မတီဒုဉက္ကဌ ဦးအောင်မျိုးထက် က သင်တန်းနည်းပြအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။
အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ(၃၀) တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေဖြင့် အောက်တိုဘာလ(၈)ရက်မှ နိုဝင်ဘာလ(၂၈)ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ဘတ်စကက်ဘောအားကစား အခြေခံပညာရပ်များကို သင်ကြားပေးခဲ့သည်။
သင်တန်းဆင်းပွဲအပြီးတွင် သင်တန်းဆင်း ဘတ်စကက်ဘော အမျိုးသား(၅) ယောက်တွဲနှင့် အမျိုးသမီး(၃)ယောက်တွဲ သရုပ်ပြပြိုင်ပွဲ ကစားခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )