မြိတ်မြို့တွင် စက်သုံးဆီတင်လှေမှ ဆီဖြည့်စဉ် လှေသုံးစီး မီးလောင်မှုဖြစ်ပွား

မြိတ် ၁  မတ် 

 


မြိတ်မြို့တွင် မတ် ၁ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဆီတင်လှေတစ်စီးမှ ပင်လယ်ရွာများသို့သွားလာသည့် ခရီးသည်တင်လှေအား ဆီဖြည့်ပေးစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ိ္ိ်

 

ဖြစ်စဉ်မှာ မြိတ်မြို့၊ ဈေးတန်းရပ်ကွက်နေ ဦးမြင့်ချိုပိုင် အလျား(၄၀)ပေ၊ အနံ(၁၀)ပေ၊ ရေစူး(၈)ပေခန့်ရှိ ဆီပေပါတင်လှေသည် မြိတ်မြို့၊ နောက်လယ်ရပ်ကွက် ကျောက်တံတားတွင် ဆိုက်ကပ်ကာ ခရီးသည်နှင့်ကုန်ပစ္စည်းများ တင်ဆောင်သည့် လှေငယ်အား ဆီဖြည့်ပေးစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူးမှ မီးငြှိမ်းသတ်ယာဉ် (၁၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁၂)စီး၊ တပ်မတော်စစ်ရေယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅၃)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ဝင်များဖြင့် စုပေါင်းမီးငြှိမ်းသတ်ကြရာ ညနေ ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

ိ္

 

မီးလောင်ကျွမ်းမှုကြောင့် ဆီသယ်လှေငယ်တစ်စီး၊ အောင်စပယ်နှင့် နှင်းမိုးလွင်(၁) အမည်ရှိ ပင်လယ်ရွာများသို့ ပြေးဆွဲသည့် ခရီးသည်နှင့်ကုန် ပစ္စည်းတင်လှေ(၂)စီး၊ စုစုပေါင်းလှေသုံးစီး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှုဖြစ်စဉ်ကို ဆက်လက်စုံစမ်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇော်မျိုးနိုင် (မြိတ်ခရိုင် ပြန်/ဆက်)