မြိတ် ၂၃ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်ကာလ၌ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် စည်ပင်သာယာရေး လုပ်ငန်းများကို (၅၀)ရာခိုင်နှုန်း နားရက်မယူဘဲ နေ့စဉ်ဆောင်ရွက်လျက်ရှိကာ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိသည့် စည်ပင်ဝန်ထမ်းများအား မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုကော်မတီမှ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ရုံးတွင် မေလ (၂၃)ရက် နံနက်(၉)နာရီက အခြေခံစားသောက်ကုန်(၄)မျိုးကို ဂုဏ်ပြုထောက်ပံ့ ပေးအပ်ခဲ့သည်။
မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီမှ ထောက်ပံ့သည့် အခြေခံ စားသောက်ကုန်(၄)မျိုးကို စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း (၁၄၇)ဦး အား တစ်ဦးလျှင် ဆန်(၅)ပြည်၊ ဆီ(၁)ဘူး၊ မာမီး ခြောက်ဆွဲခြောက် (၅)ထုပ် ၊ ငါးသေတ္တာ (၅)ဘူး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့ကြရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
စည်ပင်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်(၄)မျိုး ထောက်ပံ့ပေးအပ်ပွဲတွင် မြိတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့၍ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီဉက္ကဋ္ဌ ဒေါ်တင်တင်ထွေး က ဝမ်းမြောက်ဂုဏ်ပြုစကားနှင့် ထောက်ပံ့ပေးသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက်)


