မြိတ် ၂ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စွန့်ပစ်အမှိုက် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စတေကာကပ် လူထုလှုပ်ရှားမှု အစီအစဉ်ကို မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် Clean & Green Myeik အဖွဲ့တို့ပူးပေါင်း၍ ဒီဇင်ဘာလ(၁)ရက် နံနက်ပိုင်းက မြိတ်မြို့အဝင်ဆိုင်းဘုတ် အနီးတွင် ကျင်းပခဲ့သည်။
“မြိတ်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တယ်။ လူဦးရေလည်းများပြားတဲ့အတွက် အမှိုက်ကိစ္စသည် အရေးကြီးတဲ့အပိုင်း ဖြစ်လာပါပြီ။ ရပ်ကွက်အလိုက် ပြည်သူလူထုကို အမှိုက်သိမ်းဆည်းတဲ့ ကိစ္စပညာပေးတွေ လုပ်မယ်။ ကိုယ်တိုင်လည်း ပူးပေါင်းပါ၀င်ပြီး အမှိုက်စွန့်ပစ်တဲ့စနစ်ကို ဒီထက်ကောင်းသထက်ကောင်းလာအောင် ဆောင်ရွက်မယ်။ ပြည်သူတွေ တစ်ဦးချင်း တစ်ယောက်ချင်းစပြီး စည်းကမ်းပိုင်း ပိုမိုလိုက်နာနိုင်အောင် ပညာပေး လုပ်ငန်းတွေအပြင် အမှိုက်ကို စနစ်တကျ စွန့်ပစ်နိုင်အောင် အများကြီးကြိုးစားဆောင်ရွက်ဖို့ရှိပါတယ်”ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။
မြိတ်မြို့တော်ကြီး သန့်ရှင်းစိမ်းလန်းသာယာဖို့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ ဆိုင်းဘုတ်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က အဖွင့်အမှာစကားပြောကြား၍ တာဝန်ရှိသူများက အမှာစကားပြော ကြားကြသည်။ ထိုနောက် Clean & Green Myeik အဖွဲ့ ဥက္ကဋ္ဌ ဦးကောက်ရိုက် က အမှိုက်စို အမှိုက်ခြောက် ခွဲခြား စွန့်ပစ်ရေး အစီအစဉ်ကို ပညာပေး ပြောကြားသည်။
“ခရီးသွားတွေ အများအပြားလာနေတဲ့အတွက်ကြောင့် မြို့အင်္ဂါရပ်နှင့်ညီအောင် လှပတဲ့မြို့တစ်မြို့ ဖြစ်အောင်မို့လို့ လှပတဲ့မြို့တစ်မြို့ဖြစ်ရင် တခြားသူများလာလို့ရှိရင် အမြင်လည်းရှင်းတယ်။ ဂုဏ်ယူစရာတစ်ရပ် ဖြစ်မယ်ဆိုတာ ယုံကြည်မိပါတယ်။ အမှိုက်ဆိုတာ တစ်ဦး တစ်ယောက်ချင်းစီမှာ တာဝန်ရှိပါတယ်။ တစ်ဦး တစ်ယောက်ချင်းစီမှ လုပ်ဆောင်မယ်ဆိုရင် တစ်ရပ်ကွက်နေ တစ်မြို့က၊ တစ်မြို့ကနေ တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေ၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ပတ်ဝန်းကျင်ကြီးက စိမ်းလန်းစိုပြေ သာယာမှာဖြစ်ပါတယ်။ အားလုံးပူးပေါင်းပါ၀င်ပေးဖို့ ဖိတ်ခေါ်ပါတယ်” ဟု မအေးမြနွယ် က ဆိုသည်။
အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စတေကာကပ် လူထုလှုပ်ရှားမှု အစီအစဉ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ တက်ရောက်၍ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် စတေကာကပ် လူထုလှုပ်ရှားမှု အပြီးတွင် ၀န်ကြီးနှင့် ပြည်သူလူထုများ၊ လူမူရေးအသင်းအဖွဲ့များက မြိတ်တက္ကသိုလ်၊ ကန်တော်မင်္ဂလာ ရေကန်၊ ကမ်းနားလမ်းတို့တွင် စုပေါင်းအမှိုက်ကောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)