မြိတ် ၂၆ ဧပြီ   

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ Covid-19 ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသော ပရဟိတအဖွဲ့ဝင်များအား ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီက ကျောက်ဖျာကျေးရွာရှိ ဓမ္မိကရာမကျောင်းတိုက် ဓမ္မာရုံတွင် အခြေခံစားသောက်ကုန်(၆)မျိုးကို ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ပရဟိတအသင်းများအနေဖြင့် Covid-19 ကာကွယ်ရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့သည်မှာ (၃၅)ရက်ရှိခဲ့ပြီး ၎င်းတို့၏ မိသားစုများအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန်၊ ၎င်းတို့၏ စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ရေး၊ Volunteer Team တစ်ခုတည်ထောင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် အခြေခံစားသောက်ကုန်(၆)မျိုးကို ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Covid-19 ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသော ပရဟိတအသင်း ၅၇ သင်းရှိ အဖွဲ့ဝင် ၂၅၅ ယောက်အား တစ်ဦးလျှင် ဆန်(၁၀)ပြည်၊ ကြက်ဉ(၁၀)လုံး၊ ဆီ(၁)ဘူး၊ ငါးသေတ္တာ(၂)လုံး၊ အိုင်အိုဒင်းဆား(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ စသည့် အခြေခံစားသောက်ကုန်(၆)မျိုးကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ပရဟိတအဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်(၆)မျိုး ထောက်ပံ့ပေးအပ်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး မြိတ်ခရိုင် Covid-19 ကာကွယ်ရေး အရပ်ဖက်ပူးပေါင်းကော်မတီ ဉက္ကဋ္ဌ ဦးပိုအင်က ထောက်ပံ့ပေးအပ်သည့် ရည်ရွယ်ချက်နှင့် မြိတ်ဒေသ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီ ဉက္ကဋ္ဌ ဒေါ်တင်တင်ထွေးက ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားကြသည်။

 

ဂုဏ်ပြုထောက်ပံ့သည့် အခြေခံစားသောက်ကုန်(၆)မျိုး၌ ဆန်နှင့်ကြက်ဉများကို  မြိတ်ဒေသ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီမှ လည်းကောင်း၊ ဆီ၊ အိုင်အိုဒင်းဆားနှင့် ငါးသေတ္တာများကို မြိတ်ခရိုင် Covid-19 ကာကွယ်ရေး အရပ်ဖက်ပူးပေါင်းကော်မတီမှ လည်းကောင်း၊ ကြက်သွန်နီကို ဦးမောင်ထွေးဝေ (အိုကေဆန်စက်) မိသားစုက လည်းကောင်း အသီးသီး လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)