မြိတ်  ၁၈ ဇူလိုင်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လျှပ်စစ်ဓာတ်အားကို HFO လောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီမှ ကိုဗစ်-၁၉ နှင့် စက်ရုံတည်ဆောက်မည့် မြေနေရာအခက်အခဲကြောင့် ယာယီဒီဇယ်မီးစက်ဖြင့် ဇူလိုင် ၁၉ ရက်မှ စတင်ကာ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်(၂၉၂)ကျပ်ဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

Petro & Trans ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦး က “ စာချုပ်ချုပ်ဆိုထားတဲ့ တည်နေရာက လယ်ယာမြေဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် တိုင်းဒေသကြီး အစိုးရမှ အခြားနည်းအသုံးပြုခွင့်ရရှိရေး ဆောင် ရွက်ပြီးမှသာလျှင် HFO စက်ကြီးတွေထိုင်ပြီးတော့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့်ပြုမယ်ဆိုပြီး ညွှန်ကြားလာပါတယ်။ လယ်ယာမြေအခြားနည်း သုံးစွဲခွင့်ပြုပြီးမှသာလျှင် ဆောင်ရွက်ရမည်ဖြစ်တဲ့အတွက် ပဏာမ တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်လိုက်ရပါတယ်။ ရပ်ပြီးတော့ အရေးပေါ် ဒီဇယ်မီးစက်တွေသုံးပြီး စာချုပ်မှာ ပါဝင်တဲ့ ဇူလိုင် ၁၉ ရက် နေ့မှစပြီး လျှပ်စစ်ဓာတ်အားကို ယာယီထုတ်လုပ် ပို့လွှတ်ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

 

HFO လောင်စာသုံး  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် စက်ရုံတည်နေရာသည် ကလွင်ကျေးရွာရှိ ရေပုန်းကွင်းအမှတ်(၂၄၂)ရှိ (၄ ဒသမ ၈၅) ဧက၌ တည်ဆောက်ရန် စာချုပ်ချုပ်ဆိုထားကြောင်း၊ စက်ရုံတည်ဆောက်မည့် မြေသည် လယ်မြေဖြစ်သည့်အတွက် လယ်မြေကိုအခြားနည်း အသုံးပြုခွင့် ဆောင်ရွက်ပြီးမှ စက်ရုံတည်ဆောက် ရန် အစိုးရအဖွဲ့မှညွှန်ကြား ထားကြောင်း၊ လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန်  ဒီဇယ် မီးစက်များနှင့်  ထရန်စဖော်မာများ  ရောက်ရှိတပ်ဆင်လျက်ရှိကြောင်း၊ မီးစက်များ၏ လျှပ်စစ်ထုတ်လုပ်နိုင်မှု စွမ်း ရည်၏(၈၀)ရာခိုင်နှုန်း ပဏာမ(10.240) မီဂါဝပ် ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးပေးရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

 

“ကိုရီးယားကနေ စက်တွေကဝယ်ပြီးပါပြီ။ စက်တစ်လုံးလျှင်(၄၅)တန်လေးပါတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် စက်တွေကို သွားပြီးစစ်ဆေးဖို့ ပြဿနာရှိပါတယ်။ သူတို့တွေ အာမခံပြီး စက်တွေတင်ပို့မယ် ပြောတယ်။ ဒါပေမယ့် ဒီမှာဘာမှလုပ်လို့မရသေးဘူး။ master plan က ဩဂုတ်လကုန်ရင် စက်တွေရောက်မယ်။ HFO စက်ဖြစ်တဲ့ အတွက်ကြောင့် သူ့ရဲ့စနစ်က ရှုပ်ထွေးပါတယ်။ (၂၀၂၁)ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ဒီစက်က (၂၀) မီဂါဝပ် ထုတ်နိုင်ရမယ်ဆိုတဲ့ Plan ရှိပြီးသားပါ။ သို့သော်လည်း ဘယ်တော့ပြီးမလဲဆိုတာက မြေယာကလယ်ယာမြေ စီမံခန့်ခွဲ ပိုင်ခွင့် အခုချိန်ထိ မရသေးပါဘူး” Petro & Trans ကုမ္ပဏီ အထွေထွေမန်နေဂျာ က ထပ်လောင်းပြောဆိုသည်။

 

မြိတ်မြို့တွင် ပြည်သူများနေ့စဉ်သုံးစွဲလျက်ရှိသည့် လျှပ်စစ်ဓာတ်အားအနေဖြင့် တစ်ရက်လျှင် တစ်မြို့လုံး စုစုပေါင်း အမြင့်ဆုံးသုံးစွဲသည့်ပမာဏသည် (၁၀) မီဂါဝပ်ခန့်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလိုင်း အနေဖြင့် (11)Kv ဓာတ်အားလိုင်းဖြင့် ကွန်ရက်(၃)ဖီဒါဖြင့် ဖြန့်ဖြူး ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သိရသည်။ လျှပ်စစ်ဓာတ်အားကို HFO လောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီမှ ယာယီ ဒီဇယ်မီးစက်ဖြင့် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှ စတင်ကာ လက်ရှိဖြန့်ဖြူး နေသော မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီမှ လွှဲပြောင်းလက်ခံ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)