မြိတ် ၂ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျောင်းသား/သူများအား ငယ်ရွယ်စဉ်ကတည်းက လူသားချင်းစာနာ ထောက်ထားခြင်းဆိုင်ရာ လူမှုကရုဏာလုပ်ငန်းများကို တတ်ကျွမ်းနားလည်ကာ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှေးဦးပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး၊ စွမ်းရည်ပြည့်ဝသည့် ကျောင်းကြက်ခြေနီအသင်း(ခွဲ)များ ဖြစ်ပေါ်လာစေရေး အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းပေါင်းစုံ ကျောင်းကြက်ခြေနီအသင်းခွဲများ၏ စွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာလ(၁)ရက် နံနက်ပိုင်းက အထက(၁) မြိတ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
စွမ်းရည်ပြိုင်ပွဲကို လက်ထောက်မြို့နယ် ပညာရေးမှူး ဦးအောင်ဇော်ဦးနှင့် မြို့နယ်ကြက်ခြေနီ အသင်း(ခွဲ) ဥက္ကဋ္ဌ ဦးလှမြင့် က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ပြိုင်ပွဲများမှာ အခြေခံစစ်ရေးပြပြိုင်ပွဲနှင့် ရှေးဦးပြုစုခြင်း (ပတ်တီးစည်း)ပြိုင်ပွဲတို့ဖြစ်ပြီး ၄င်းပြိုင်ပွဲကို အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းလွန် ကျောင်း(၁၃)ကျောင်းမှ ကျောင်းသား/သူ (၁၀၀၀)ကျော် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
“ကျောင်းတိုင်း ကျောင်းတိုင်းမှာ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းသင်တန်းတွေ ဖွင့်ပါတယ်။ ဖွင့်ထားတဲ့ကျောင်းတွေကို ပြန်စုစည်းပြီး ကြက်ခြေနီ စစ်ရေးပြပြိုင်ပွဲနှင့် ပတ်တီးစွမ်းရည်ပြိုင်ပွဲတွေကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စုပေါင်းပြီး ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။ နွေရာသီမှာလည်းပဲ ကြက်ခြေနီစခန်းချသင်တန်း ဖွင့်လှစ်ပေးတယ်။ ကျောင်းတိုင်း ကျောင်းတိုင်းမှလည်း သင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်။ ဒါကြောင့် ဒီနှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ညီလာခံမှာ မြိတ်မြို့နယ်မှ ထူးချွန်ဆုတစ်ဆု ရယူနိုင်ခဲ့ပါတယ်” မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ ဦးလှမြင့် က ပြောသည်။
ကျောင်းပေါင်းစုံ ကျောင်းကြက်ခြေနီအသင်းခွဲများ၏ စွမ်းရည်ပြိုင်ပွဲအဖြစ် အခြေခံစစ်ရေး ပြပြိုင်ပွဲတွင် အမျိုးသားအသင်း(၃၁)ဖွဲ့၊ အမျိုးသမီးအသင်း(၄၀)ဖွဲ့ စုစုပေါင်း(၇၁)ဖွဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ရှေးဦးပြုစုခြင်း (ပတ်တီးစည်း)ပြိုင်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ် အကြောင်းအရာ အမျိုးအစားလိုက် (၂)ယောက်တွဲ (၁၈)ဖွဲ့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)