မြိတ် မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အထက်တန်း/အလယ်တန်း ကျောင်းသား/ကျောင်းသူများအား အသိပညာ ဗဟုသုတများ တိုးပွားစေရေးနှင့် စိတ်ဓာတ်၊ စည်းကမ်း၊ စာရိတ္တများ တိုးတက် မြှင့်မားလာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီက အ.ထ.က(၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကြီးပွားအောင်မြင်လိုသူ၊ ပညာတတ် လူတော်လူကောင်းများ ဖြစ်လိုသူများ သွားလာနေထိုင်ရာတွင် စိတ်ဓာတ်ကောင်းများဖြင့် ပြုမူနေထိုင်ကြရန် စိတ်ဓာတ်ကောင်းများ ပေါ်ထွန်းရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့် ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက လည်းကောင်း၊ စာရိတ္တကောင်းမှသာ လူတော်လူကောင်းများအဖြစ် လူမှုပတ်ဝန်းကျင်တွင် ခမ်းနားထည်ဝါစွာ ရပ်တည်နေထိုင်နိုင်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က လည်းကောင်း ဟောပြောကြသည်။
ထိုနောက် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် မြင့်မားရေးအတွက် အားလပ်ချိန် နွေရာသီကျောင်းပိတ်ရက်များ၌ အားကစားသင်တန်းများ တက်ရောက် သင်ကြားကြရန်နှင့် ကျောင်းသင်ခန်းစာများအပြင် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်ကြရန် အားကစားနှင့် စိတ်ဓာတ်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ခရိုင်အားကစားမှူး ဦးသန်းထွေးနှင့် မြို့နယ်အားစားမှူး ဦးထွန်းရှိန်တို့က ဟောပြောခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ကြရာ ဆရာမတစ်ဦးက လက်ခံရယူခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ထုတ်ဝေသည့် Sports for all ရှင်သန်လှုပ်ရှား အားကစား အသိပညာပေး လက်ကမ်းစာစောင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား အခမဲ့ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


