မြိတ် ၂၅ ဧပြီ   

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေအတွက် ဧပြီ (၂၅) ရက် နံနက် (၁၁) နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် ကော်မတီ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲတွင် မြိတ်ခရိုင်အတွင်း မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည့်များကို ဆက်လက်ပံ့ပိုး ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုတို့က အမှာစကား ပြောကြားခဲ့ကြသည်။

 

ထိုနောက် မြိတ်ခရိုင်အတွင်း မြို့နယ်များအလိုက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကော်မတီအလိုက် ဆောင်ရွက်နေမှု၊ မြို့နယ်အလိုက် နေရပ်ပြန်များကို Community Based Facility Quarantine စခန်းများ ဆောင်ရွက်ထားရှိပြီး စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး က ဆွေးနွေးတင်ပြသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်/ မြို့နယ် ကော်မတီဝင်များက ကဏ္ဍအလိုက် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်  လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး တို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြသည်။  

 

တနင်္သာရီတိုင်းဒေသကြီး၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ မရှိသေးကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )