မြိတ်   ၁၆  ဇွန်  

 

မြိတ်ခရိုင် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ရောဂါဖြစ်ပွားမှုကို ကာ ကွယ်တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပါဝင်ဆောင်ရွက်လျက်ရှိသောစေတနာ့ဝန်ထမ်းများကို ကာကွယ်ထိန်းချုပ် ကုသခြင်းနှင့် တုန့်ပြန်ခြင်းဆိုင်ရာ အခြေခံအချက်အလက်များကို သိရှိပြီး ထိရောက်သော ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယနေ့ နံနက်(၉)နာရီမှမွန်းတည့်(၁၂)နာရီအထိ အထက(၃) မြိတ် ပညာရတနာခန်းမ တွင် စေတနာ့ဝန်ထမ်းဆင့်ပွားသင်တန်း ပေးခဲ့သည်။

 

သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲထားသော စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်တွင်ပါရှိသည့် စောင့်ကြည့်ခံပြည်သူများနှင့် စေတနာ့ ဝန်ထမ်း ပြောဆိုဆက်သွယ်နည်း၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ လူမှုရေးလိုအပ်ချက်ရှိသူများအား ဝန်ဆောင်မှု ပေးခြင်း၊ မိမိကိုယ်ကိုကာကွယ်နည်းများ၊ PPE ဝတ်စုံဝတ်နည်းများ၊ အမှိုက်စွန့်ပစ် နည်းများကို သင်ကြားပေး၍ သင်တန်းကို မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ဂုဏ်ပြုအမှာ စကား ပြောကြားပြီး သင်တန်းစတင်ပို့ချပေးခဲ့သည်။

 

mdn

 

သင်တန်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)အဖွဲ့ဝင် ဒေါက်တာတင်စိုးမိုး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေဝေလွင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီ/အနာကြီး အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ ဆန်းမောင်တို့ က စေတနာဝန်ထမ်း(၃၀)ဦးအား သင်ကြားပို့ချပေးခဲ့သည်။ စေတနာ့ ဝန်ထမ်း ဆင့်ပွားသင်တန်းကို ဇွန်လ(၁၇)ရက်နေ့တွင် စေတနာဝန်ထမ်း(၃၀)ဦးအား ထပ်မံ ပို့ချပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မှ သိရသည်။

 

သင်တန်းကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အစီအစဉ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဆရာဝန် အသင်းတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး  ( မြိတ် ပြန်/ဆက် )