မြိတ်  ၁၆  စက်တင်ဘာ  

 

၂၀၁၉ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်အမှတ်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင် စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အထိမ်းအမှတ် အခမ်းအနားတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ  ပါဝင်ကူညီဆောင်ရွက်ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အထွေထွေ ဗဟုသုတပြိုင်ပွဲ၊ ပတ်တီးစွမ်းရည်ပြိုင်ပွဲ၊ နှလုံးနိုးဆွခြင်းနှင့် အသက်ရှုအားကူခြင်း အခြေခံအသက် အထောက်အကူပြု (CPR)ပြိုင်ပွဲ၊ သင်ကြားမှုစွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများ၊ ရှေးဦး ပြုစုခြင်း အခြေခံ သင်တန်းများတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုဆုများကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

 

 အခမ်းအနားကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ထံမှပေးပို့သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးလှမြင့်က ဖတ်ကြားသည်။

 


 ထို့နောက် ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

   ခိုင်ထူး ( မြိတ် ပြန်/ဆက် )