မြိတ်  ၂၇  မေ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်အတွက် လေးခုမြောက် Fever Clinic အခမဲ့ ဖျားနာဆေးကုသခန်းကို  မြိတ်တောင်နယ်မြေ ဦးမြတ်လေးလမ်း အထက မြို့သစ်ကျောင်းအရှေ့တွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်မြို့နယ်)၊ မြိတ်ဒေသကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအရပ်ဖက် ပူးပေါင်း ကော်မတီတို့ ပူးပေါင်း၍ မေလ(၂၆) ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

 

Fever Clinic အခမဲ့ ဖျားနာဆေးကုသခန်းတွင် ကိုယ်အပူချိန်တက်ခြင်း(Fever)လူနာများ၊ လည်ချောင်း နာ၊ ချောင်းဆိုး၊ နှာစေးဖြစ်နေသူများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နေသည့်လူနာများ၊  အနံ့၊ အရသာ ရုတ်တရက်ပျောက်သောလူနာများ၊ ခရီးသွားရာဇဝင်ရှိသူများကို တနင်္လာနေ့မှစနေနေ့ နံနက်(၉)နာရီမှ မွန်းတည့် (၁၂)နာရီအထိ လက်ခံကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆေးခန်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းတို့က တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဆေးခန်းအား ကြည့်ရှုအားပေးခဲ့ကြသည်။ ဆေးခန်းဖွင့်ပွဲတွင် ပြည်ဖြိုးထွန်းကုမ္ပဏီ မှ ငွေကျပ်သိန်း(၃၀) နှင့် နှာခေါင်းစည်း(၅၀ဝ၀)ကို လှူဒါန်းပေးအပ်ရာ မြိတ်ဒေသကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက် အကူပြုကော်မတီ ဉက္ကဋ္ဌက လက်ခံရယူခဲ့သည်။

 

ယခုဖွင့်လှစ်ခဲ့သည့် Fever Clinic အခမဲ့ ဖျားနာဆေးကုသခန်းသည် (၄)ခုမြောက်ဆေးခန်းဖြစ်၍ မြိတ်မြို့ ပြည်သူ့ဆေးရုံ၌  Fever clinic  ဖျားနာကုသမှု ဆေးခန်းကို ဆေးရုံအသစ် (တိုးချဲ့ဆောင် အလယ်ပေါက်) ၊ ဆေးရုံ အဟောင်း(မိခင်နှင့်ကလေးကုသဆောင်-လူနာနားနေဆောင်)နှင့် တပ်မတော် ဆေးရုံတို့တွင် ဧပြီလ၌ ဖွင့်လှစ်ခဲ့ပြီး နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီအထိ စမ်းသပ်ကုသ ပေးလျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )