မြိတ်  ၈  ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့ ညနေ ၃ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် နေရာ(၄)နေရာတွင် သစ်ပင်များကျိုးကျခဲ့ရာ ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ ကျိုးကျသစ်ပင်များကို ဖယ်ရှားရှင်းလင်း ခဲ့ရကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် ကလွင်ကျေးရွာ ဝန်ထမ်းရပ်(၄)လမ်းရှိ ဦးသန်းနိုင် နေအိမ်ခြံဝင်းအတွင်းရှိ သက်တမ်း အမြင့်(၂၀)ပေခန့်ရှိ ကြက်မောက်ပင်သည် ပင်စည်မှကျိုးကျ၍ နေအိမ်အရှေ့တွင် ရပ်ထားသော Honda Fit မော်တော်ယာဉ်ပေါ်သို့ ပိမိခဲ့ပြီး ကန်ခေါင်းရပ် ဆေးရုံဝင်းရှိ လုံးပတ်(၁)ပေခန့်၊ အမြင့်(၂၀)ပေခန့်ရှိ သရက်ပင်တစ်ပင်၊ မြစ်ငယ်ရပ်ကွက် အထက(၁)ကျောင်းဝင်းအတွင်း လုံးပတ်(၂)ပေခန့်၊ အမြင့်(၃၀)ပေခန့်ရှိ ဆီသပြေပင်နှင့် မြန်အောင်ရပ် သဲကွင်း(၂)လမ်းတွင် လုံးပတ်(၁)ပေခန့် အမြင့်(၂၀)ပေခန့်ရှိ ဗန်ဒါပင်တို့ ကျိုးကျ၍ လမ်းခေတ္တပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ သစ်ပင်လှဲကျမှုများကြောင့် လူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)