မြိတ် ဇူလိုင် ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ လမ်းသွားလာပြည်သူများအား ဇူလိုင်(၆)ရက် နံနက်ပိုင်းတွင် မြစ်ငယ်ရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်အရှေ့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးလျက်ရှိသည်။

“ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ တတိယလှိုင်းမှာ မြိတ်မြို့နယ်အတွင်း ပိုးတွေ့တဲ့ရာခိုင်နှုန်းက စိမ့်လာတယ်။ ပြည်သူများအနေနဲ့ နှာခေါင်းစည်းတပ်ဆင်မှု အားနည်းတာတွေ့ရတော့ မြို့နယ်အနေနဲ့ အလေးထား ကြပ်မတ်ဆောင်ရွက်တာပါ။ ယခင်က ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ပြီး တပ်ဆင်မှုရှိအောင် Mask တွေဝေတာ ထိရောက်မှုမရှိဘဲ ဝေတဲ့အချိန်မှာပဲ တပ်ဆင်ကြတယ်။ Mask တပ်ဆင်သွားတာ တိုးတက်မှုမရှိတဲ့အတွက် ရှောင်တခင် စစ်ဆေးအရေးယူမှုတွေ ဆောင်ရွက်တာပါ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှောင်တခင်စစ်ဆေးအရေးယူခြင်းကို နေ့စဉ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်နေရာ (၁၀)နေရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှောင်တခင်သွားရောက် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှောင်တခင်စစ်ဆေးရာတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာသူများကို ပထမအကြိမ်အနေနဲ့ ဒဏ်ကြေးငွေ(၂၀၀၀)ကျပ်ဖြင့် အရေးယူ၍ နှာခေါင်းစည်း(၅)ခု ပေးဝေလျက်ရှိကြောင်း သိရသည်။

“ကိုဗစ်-၁၉ ရောဂါက ကိုယ်တစ်ယောက်တည်း ခံရတဲ့ရောဂါမဟုတ်ပါဘူး။ ကူးစက်ရောဂါဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရဲ့နေထိုင်ဆင်ခြင်နိုင်မှုနဲ့ မိသားစုနှင့် ပတ်ဝန်းကျင်ကို အကျိုးသက်ရောက်တယ်။ အန္တရာယ်ပြုနိုင်တာဖြစ်တဲ့အတွက် အလွယ်ကူဆုံး ကာကွယ်နိုင်တဲ့နည်းလမ်းက ဘယ်နေရာသွားသွား နှာခေါင်းစည်း (Mask) တပ် ဆင်သွားလာပေးကြခြင်းအားဖြင့် အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်မှာဖြစ်တဲ့အတွက် Mask ကို မဖြစ်မနေ တပ်ဆင်သွားလာပေးကြပါ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။

မြိတ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု  ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စည်းကမ်းသတ်မှတ်ချက်များဖြင့် ကြပ်မတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် မြိတ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၅၅)ဦးရှိနေပြီး ဆေးကုသမှုခံယူလျက်ရှိကြကြောင်း၊ မြိတ်ပြည်သူ့ဆေးရုံတွင် မေလ (၂၃)ရက်မှ ဇွန်လ(၅)ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ (၁၂၉)ဦးရှိခဲ့ပြီး ဆေးရုံမှပြန်ဆင်းသူ (၇၄)ဦးရှိ၍ သေဆုံးသူ (၄)ဦးရှိခဲ့ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)