မြိတ် ၁၉ ဇူလိုင်
နယ်သာလန်အခြေစိုက် Tipper-Deep Detection Technology (TTD)နှင့် Sein Htai ကုမ္ပဏီတို့ ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မြေအောက်အပူစွမ်းအားဖြင့် ထုတ်လုပ်သော လျှပ်စစ်စနစ် Geo – Plutonic Power Plant နောက်ဆုံးပေါ်နည်းပညာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဇူလိုင်လ(၁၈)ရက် မွန်းလွဲပိုင်းက Green Eye ဟိုတယ် အစည်းအဝေးခန်းမတွင် ဒေသခံများအား လာရောက်တွေ့ဆုံရှင်းလင်းခဲ့သည်။
မြေအောက်မှ လျှပ်စစ်ထုတ်ယူသည့် နည်းပညာမှာ မီတာတစ်သောင်းအထက် Bore Hole များတူးပြီး Sealed Closed Loop Pipes များဖြင့် ရေအေးကို မြေအောက်သို့ပေးသွင်းကာ Heat Cnvertion စနစ်ဖြင့် ရေပူရရှိအောင် ဖန်တီးရကြောင်း၊ ထို့နောက် မြေမျက်နှာပြင်ပေါ်သို့ သယ်ယူကာ Decomperess လုပ်၍ Turbine ကို မောင်းနှင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူရခြင်းဖြစ်ကြောင်း Sein Htai ကုမ္ပဏီမှ သိရသည်။
မြေအောက်အပူစွမ်းအားဖြင့် ထုတ်လုပ်သော လျှပ်စစ်စနစ် Geo–Plutonic Power Plant ကို နောက် ဆုံးပေါ်နည်းပညာအသုံးပြု၍ လျှပ်စစ်ဓာတ်ထုတ်ယူမည့်လုပ်ငန်းများကို အဆိုပါကုမ္ပဏီများမှ ဒေသခံများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြပြီး ဒေသခံများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
လျှပ်စစ်စနစ် Geo–Plutonic Power Plant နည်းပညာပိုင်း အားသားချက်များတွင် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်က သုညဖြစ်သည့်အတွက် သဘာဝညစ်ညမ်းမှု ပူစရာမလို ကြောင်း၊ မြေဧကအနည်းငယ်သာ အသုံးပြုရန်လိုအပ်ကြောင်း၊ ဈေးနှုန်းကိုသက်သာသော ဈေးနှုန်းဖြင့် အသုံး ပြုနိုင်မည်ဖြစ်ကြောင်း၊ ရေငန်ကိုသုံးစွဲပြီး Flash Water ထုတ်လုပ်ပေးနိုင်တဲ့အတွက် ဒေသမှာ ရေချိုရှားပါးမှု ပြသနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အဓိကအားဖြင့် ထုတ်လုပ်ရေးပိုင်းကို စဉ်းစားသွားမှာပါ။ ထုတ်လုပ်ရေးပိုင်းကတော့ တစ်ယူနစ်ကို အမေရိကန်ဒေါ်လာ 7 cent နဲ့ သတ်မှတ်ထားတာပါ။ 7 cent ဆိုရင် မြန်မာငွေနဲ့ တွက်တဲ့အခါကျရင် လော လောဆယ် (၁၀၅)ကျပ် ဝန်းကျင်ရှိနေပါတယ်။ နောက်ပိုင်းလျှပ်စစ်ရလာတဲ့အခါ တိုင်းဒေသကြီးအစိုးရရဲ့ စီမံ ခန့်ခွဲမှုဖြင့် ဒေသတွင်းမှာရှိတဲ့ ဖြန့်ချီရေး လုပ်ကိုင်နေတဲ့သူတွေနဲ့ ညှိနှိုင်းပူးပေါင်းပြီး ဖြန့်ချိရေးကို ဆက်လက် ဆွေးနွေးသွားမှာပါ” ဟု Sein Htai ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဒေါ်အိရွှေစင်က ပြောသည်။
လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် (၃၀)မဂ္ဂါဝပ် တည် ဆောက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်မည့်ကာလအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် ဒေသခံများ ပူးပေါင်းပါဝင်မှုဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလကို(၂)နှစ် ခန့်မှန်းထားကြောင်း၊ မြိတ်မြို့အနေဖြင့် သာရမဲကျေးရွာ၊ မဇောကျေးရွာနှင့် ထားဝယ်မြို့နယ်မှာ ရေဖြူဘက်တို့တွင် ကြည့်ထားကြောင်း Sein Htai ကုမ္ပဏီသိရသည်။
Geo–Plutonic Power Plant ကို နောက်ဆုံးပေါ်နည်းပညာဖြင့် လျှပ်စစ်ဓာတ်ထုတ်ယူမည့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိရန် ကုမ္ပဏီမှဆောင်ရွက်လျက် ရှိပြီး ခွင့်ပြုချက်ရပါက စက်များယူဆောင်လာ၍ စမ်းသပ်မှုများတိုင်းတာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့တွင် ပြည်သူများ လျှပ်စစ်မီးသုံးစွဲမှုအနေဖြင့် တစ်ယူနစ်လျှင် (၃၉၅)ကျပ်ဖြင့် သုံးစွဲလျက်ရှိကြသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


