မြိတ် ၊ ၂၅ ဒီဇင်ဘာ
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေး၊ မီးငြှိမ်းသတ်ရေး ဆောင်ရွက်ရာတွင် ရေလုံလောက်စွာ ရရှိရေးနှင့် ရေရရှိနိုင်သည့်နေရာများ၌ ရေအသင့်ဖြစ်စေရေး အတွက် မြိတ်မြို့ ရပ်ကွက်များတွင် တပ်ဆင်ထားသည့် မီးငြှိမ်းသတ်ရေပိုက်ငုတ်များနှင့် ရေရရှိနိုင်သော နေရာများအား ဒီဇင်ဘာ ၂၄ ရက်တွင် မြိတ်ခရိုင်မီးသတ်ဦးစီးဌာမှူး ဦးဇော်ဝင်း၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဉက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကန်တော်မင်္ဂလာရေကန်တွင် မီးသတ်ဦးစီးဌာနမှ အပေါ့စားရေစုပ်စက်(၂)လုံးဖြင့် ရေစုပ်တင် မီးငြှိမ်းသတ် သရုပ်ပြဆောင်ရွက်ခြင်း၊ ရေကန်မှ ထားဝယ်စုရပ်ကွက်အတွင်း မီးငြှိမ်းသတ်ရန်နှင့် မီးသတ်ယာဉ်ရေ ဖြည့်ပေးနိုင်ရန်အတွက် မီးငြှိမ်းသတ်ရေပိုက်ငုတ်များသို့ တစ်မိနစ် ရေဂါလန်(၅၀၀) စုပ်တင်ပေးပို့နိုင်သည့် အပေါ့စားရေစုပ်စက်နှင့် သွယ်တန်းတပ်ဆင်ထားသည့် မီးငြှိမ်းသတ် ရေပိုက် ငုတ်များ၊ ကမ်းနားလမ်းရှိ မီးငြိမ်းသတ်ရေပိုက်ငုတ်များ၊ အလယ်ကျွန်းရပ်ကွက်အတွင်း မီးငြိမ်းသတ် ရေပိုက်ငုတ်များ တပ်ဆင်ထားရှိမှုနှင့် ရေရရှိနိုင်သည့် သဘာဝရေကန်၊ မီးသတ်ရေကန်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြိတ်မြို့တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေးအတွက် ထားဝယ်စုရပ်ကွက်အတွင်း မီးသတ် ရေပိုက်ငုတ်(၆)ခု၊ ကမ်းနားလမ်းရှိ မီးသတ်ရေပိုက်ငုတ်(၂)ခု၊ အလယ်ကျွန်း၊ ကြောင်ငယ်၊ ကန်ဘောင်ရိုး ရပ်ကွက်တို့တွင် မီးသတ်ရေပိုက်ငုတ်(၁၁)ခု တပ်ဆင်ထားရှိသည်။ ထို့အတူ မြိတ်မြို့၌ မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် အရန်မီးသတ်စခန်း(၈)ခုတို့တွင် မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း(၁၅)စီး၊ မီးသတ်ဦးစီးဌာနတွင် မီးငြိမ်းသတ်ယာဉ်(၁၁)စီးတို့ဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက် )


