မြိတ် ၂၀  ဇန်နဝါရီ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်း ပြီး မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု(၂)စုအား ဇန်နဝါရီလ(၁၉)ရက် ညနေပိုင်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကယ်ဆယ်ရေးပစ္စည်းများကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

မီးဘေးသင့်ခဲ့ရပြီး နေအိမ်လုံးဝပျက်စီးခဲ့ရသည့် အိမ်ထောင်စုအား ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊  အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၁)သိန်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်၏ အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းဖိုး (၃)သောင်းကျပ်နှင့် မီးဘေးသင့် စုစုပေါင်း(၉)ဦးအတွက် (၇)ရက်စာ ဆန်ဖိုး(၁၈၉၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နေအိမ်လုံးဝပျက်စီးခဲ့ရသည့် အိမ်ထောင်စုအား မိသားစုသုံး ပစ္စည်း၊ တကိုယ်ရေသုံးပစ္စည်း၊ လက်သမားသုံးပစ္စည်း၊ မီးခိုချောင်သုံးပစ္စည်း၊ တာပေါ်လင်(၂)ပိုင်းနှင့် တစ်စိတ်တစ် ပိုင်းပျက်စီး အိမ်ထောင်စုအား မီးခိုချောင်သုံးပစ္စည်းနှင့် တာပေါ်လင်(၁)ပိုင်း တို့ကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ခိုင်ထူး(မြိတ် ပြန်/ဆက်)