မြိတ် ၈ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၌ မြိတ်ခရိုင် အတွင်းရှိ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သားဖွားခန်းအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြိတ်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးချိုက အမှာစကားပြောကြားပြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြရာ ခရိုင်ဥက္ကဋ္ဌက လုပ်ငန်းလမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် မြိတ်မြို့ နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းအတွက် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို)မှ ထောက်ပံ့သည့် သားဖွားခုတင်၊ သားဖွားခန်းသုံး ဆေးနှင့် ဆေးပစ္စည်းများကို မြိတ်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများအား ပေးအပ်သည်။ မြိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းတွင် တစ်လပျှမ်းမျှ(၂၅)ဦးခန့် လာရောက်မွေးဖွားကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


