မြိတ် ၁၆ ဇွန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇွန်(၁၆)ရက် နံနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆိပ်ငယ်ရပ်ကွက်၊ သမ္မတရုံဟောင်းလမ်းရှိ လမ်းဘေးတွင် ပေါက်ရောက်နေသော သက်တမ်း(၂၀)နှစ်ခန့်၊ လုံးပတ် (၁)ပေခန့်၊ အမြင့်(၂ဝ)ပေခန့်ရှိ တောကွမ်းသီးပင်သည် မြေသားများပျော့အိ၍ ၎င်းတွင် တွယ်ကပ်ပေါက်ရောက်နေသော ချုံနွယ်များနှင့်အတူ လမ်းဘက်သို့လဲကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုဖြစ်ခဲ့၍ လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
လမ်းပိတ်ဆို့မှု ဖြစ်စဉ်အား ပြည်သူတစ်ဦးမှ တယ်လီဖုန်းသတင်းပေးပို့သဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ဒုမီးသတ် ဦးစီးမှူး ဦးအောင်သူဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ လမ်းပိတ်ဆို့နေမှုအား ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ဖယ်ရှားရှင်း လင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


