မြိတ် ၄ ဇွန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇွန် ၃ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်စီးလက်ကာ မိုးကြိုးပစ်မှုကြောင့် သေဆုံးခဲ့သူငါးဦးနှင့် ဒဏ်ရာရရှိသူ(၇)ဦးအတွက် ထောက်ပံ့ငွေများကို ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဇွန် ၄ ရက် နံနက် ၁၁ နာရီခွဲက ၄င်းတို့၏ မိသားစုများအား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် မိုးကြိုးပစ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦးလျင် နာရေးထောက်ပံ့ငွေ(၃) သိန်းကျပ်စီကို မြိတ်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများက သေဆုံးသူ(၅)ဦးအတွက် ၄င်းတို့၏နေအိမ်သို့ မိသားစုဝင်များအား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့အတူ ဒဏ်ရာရရှိသူတစ်ဦးလျှင် ဆေးကုသစရိတ်(၅)သောင်းကျပ်စီကို ဒဏ်ရာရရှိသူ(၇)ဦးအား ဆေးကုသမှုခံယူနေသော ဆေးရုံသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ မိုးကြိုးဘေးကြောင့် သေဆုံး/ ဒဏ်ရာရရှိသူများသည် ဇွန် ၃ ရက် ညနေပိုင်းတွင် မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း၌ ကျင်းပသော ဖူဆယ် ဘောလုံးပြိုင်ပွဲကို အားပေးကြည့်ရှုနေစဉ် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်စီးလက်ကာ မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


