မြိတ် စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်စေရေး၊ လျှပ်စစ်ကဏ္ဍတိုးတက်ရေး၊ ညပိုင်းအချိန်များတွင် သွားလာလျက်ရှိသည့် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ကျပ်(၂၄၇၅)သိန်းဖြင့် လမ်းမကြီး(၃)လမ်းတွင် နှစ်လုံးတွဲ LED လမ်းလယ်မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
နှစ်လုံးတွဲ LED လမ်းလယ်မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသ ကြီး ရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး မီးတိုင် အမျိုးအစားမှာ Double Arm Icon Pole အမျိုးအစားသံတိုင်ဖြစ်ကာ (၉)မီတာအမြင့်ရှိ၍ LED မီး 150 W (အဝါရောင်) တပ်ဆင်မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းကို Grace Light ကုမ္ပဏီလီမိတက်မှ ဩဂုတ်လ မှစတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
လမ်းလယ်မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းကို မြိတ်မြို့ ရှမ်းချောင်းလမ်းမကြီး ( တောရကျောင်းလမ်းဆုံ မှ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လမ်းဆုံထိ ) မီးတိုင်(၇၀)တိုင်နှင့် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် မြို့သစ် လမ်းမကြီးတလျှောက် ( မြို့သစ်တံတားထိပ်လမ်းဆုံမှစန်းသီရိလမ်းဆုံ၊ စန်းသီရိလမ်းဆုံမှ ဘုရားကိုင်လမ်းဆုံထိ) မီးတိုင်(၃၆)တိုင် စုစုပေါင်း(၁၀၆)တိုင်ကို စိုက်ထူဆောင်ရွက်လျက်ရှိသည်။
LED လမ်းလယ်မီးတိုင်များ စိုက်ထူရာတွင် မီးတိုင်အောက်ခြေကွန်ကရစ် ခုံတုံးနှင့် Double Arm Icon Pole သံတိုင်ဖြင့် Grace Light ကုမ္ပဏီလီမိတက်မှ စိုက်ထူဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် လုပ်ငန်း ဆောင်ရွက်မှု(၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )