မြိတ် ၁၅ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်နယ်မြေတွင် ဧပြီလ(၁၄)ရက် ညနေပိုင်းက မိုးရွာ သွန်းပြီး လေပြင်းတိုက်သဖြင့် မြို့မ(၁)ရပ်ကွက် စာသင်ကျောင်းလမ်းရှိ နေအိမ် (၂)လုံးပေါ်သို့ သစ်ပင်ကျိုးကျ၍ နေအိမ်(၂)လုံး ပျက်စီးခဲ့ရာ အဆိုပါ အိမ်ထောင်စု ၂ စုအား ဧပြီလ(၁၅)ရက် နံနက်(၉)နာရီက ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပျက်စီးခဲ့သည့် နေအိမ်(၂)လုံးမှာ ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တို့ဖြစ်ကြပြီး မိုးရွာသွန်းပြီး လေပြင်းတိုက်သဖြင့် နေအိမ်အနောက်ဘက်ရှိ သဘာဝအလျောက် ပေါက်ရောက်နေသော အမြင့်ပေ(၃၀) ၊ လုံးပတ် (၄)ပေခန့်ရှိ ရော်ဘာပင်သည် အပင်အောက်ခြေနားမှ ကျိုးကျလာခဲ့ရာ နေအိမ်ပေါ်သို့ ဖိမိခဲ့ခြင်းဖြစ်သည်။ သစ်ပင် ကျိုးကျစဉ် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း၊ နေအိမ်အပေါ် ကျိုးကျလာခဲ့သည့် ရော်ဘာပင်အား ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၂)စုအား မြိတ်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၁)သိန်းကျပ်စီ၊ စုစုပေါင်း မိသားစု(၇) ဦးအတွက် ဆန်ဖိုး(၁၄၇၀၀)ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း(၁၁) မျိုးစီ၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁)စုံစီ၊ တာပေါ်လင် တစ်ပိုင်းစီတို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )