မြိတ် ၁၈ ဇွန်


မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းတွင် ယနေ့ နံနက် ၂ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်သဖြင့် လူနေအိမ် နှစ်လုံးပေါ်သို့ လုံးပတ်(၅)ပေ၊ အမြင့်(၂၅)ပေခန့်နှင့် သက်တမ်း နှစ်ငါးဆယ်ဝန်းကျင်ရှိ သစ်ပင်ကြီးလဲကျမှုဖြစ်ပွားခဲ့သည်။


အဆိုပါ သစ်ပင်လဲကျသည့် နေရာအား မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်အောင်ထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းအင်အား (၅၀)ဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များဖြင့် သွားရောက်၍ သစ်ပင်အား ရှင်းလင်းဖယ်ရှားပေးကာ ပိမိသည့် လူနေအိမ်နှစ်လုံးမှ အိမ်ထောင်စုနှစ်စုအား နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ သစ်ပင်လဲကျမှုကြောင့်  အလျား(၁၀)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုးထရံကာ၊ ပျဉ်ခင်းတစ်ထပ် လူနေအိမ် (၂) လုံး ပြိုကျပြီး လူထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုမရှိကြောင်းနှင့်  ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်းနှစ် ဆယ်ခန့်ရှိကြောင်း သိရသည်။


ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)

 

1