မြိတ် ၁၂ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service စီမံ ချက်ဖြင့် တရားဝင်မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ဇူလိုင်လ(၁၂)ရက် နံနက်ပိုင်းမှစတင်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဆောင်ရွက် ပေးလျက်ရှိသည်။
One Stop Service စီမံချက်ဖြင့် မော်တော်ဆိုင်ကယ်များအား ဉပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ပေး ခြင်းဖြင့် တရားမဝင်မော်တော်ဆိုင်ကယ်များ လျော့နည်းပပျောက်စေရေး၊ မော်တော်ဆိုင်ကယ်အသုံးပြု၍ ပြစ်မှု ကျူးလွန်မှုများအား ထိရောက်စွာဖော်ထုတ်အရေးယူနိုင်ရေး၊ ပြည်သူများသွားလာပို့ဆောင်မှု အဆင်ပြေစေရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်ဖြစ်ထွန်းစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
“ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဇူလိုင်လ(၁၂)ရက်မှတစ်လတိတိ ဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်။ ဆိုင်ကယ်တွေ မှတ်ပုံတင်ဆောင်ရွက်ရာမှာ လိုအပ်ချက်က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်း၊ မိတ္တူ၊ မော်တော်ဆိုင်ကယ်လိုပါတယ်။ မော်တော်ဆိုင်ကယ်က Road Safrty ဖြစ်ဖို့ ပစ္စည်းအပြည့်အစုံပါရမယ်။ ပြည့်စုံပြီဆိုရင် ပထမဆုံးရုံးမှာကိုဗစ်ညွှန်ကြားချက်နဲ့အညီတန်းစီပြီး ဆိုင်ကယ်နံပါတ် ပေးမယ်။ ပြီးရင် ယာဉ်စစ်ဆေး၍ သက်ဆိုင်ရာဌာနများ၏ အခွန်တွေသွင်းပြီး လိုင်စင်ထုတ်ပေးပါမယ် ” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးသန်းထွဋ် က ပြောသည်။
မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား (၂၀၁၄)ခုနှစ်အောက်မှ (၂၀၂၁)ခုနှစ်အထိ ထုတ်လုပ်သည့် နိုင်ငံ အလိုက် အင်ဂျင်ပါဝါ (၁၁၀)စီစီနှင့်အောက်၊ (၁၁၁)စီစီမှ (၁၂၅)စီစီအထိ၊ (၁၂၆)စီစီမှ (၂၅၀)စီစီအထိ အမျိုးအစား များကို သက်ဆိုင်ရာဌာနများအလိုက် ပေးသွင်းရမည့် အခွန်ကျသင့်ငွေများကို ပွင့်လင်းမြင်သာစွာ ဗီနိုင်းချပ် များ ဖြင့် ကြေညာထားရှိသည်။ One Stop Service စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ရုံးဖွင့်ရက် နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ဆောင်ရွက်ပေးရာတွင် မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း (၅)နှစ်ကျော်နှစ်ပြတ် မော်တော်ဆိုင်ကယ်များနှင့် Road Safrty မဖြစ်သည့် မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင် ခွင့်မပြုကြောင်း၊ ပြည်သူများအား တရားမဝင်မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို ဝယ်ယူအသုံးပြုခြင်း မပြု ကြရန်နှင့် တရားဝင်အခွန်ပေးဆောင်ပြီး တင်သွင်းရောင်းချသော မော်တော်ဆိုင်ကယ်များကိုသာ ဝယ်ယူ၍ တရား ဝင်မှတ်ပုံတင်ပြီးမှသာ စီးနင်းအသုံးပြုကြရန် ကုန်းလမ်းပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထား ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


