မြိတ် ၉ ဇူလိုင်

 

မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင် ပင်လယ်ပြင်လုပ်ငန်းခွင်၌ ငါးဖမ်း/ငါးသယ်ရေယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက် ၉နာရီက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့သည်။

 

သင်တန်းတွင် ပင်လယ်ပြင် ငါးဖမ်းရေယာဉ် ရေလုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်ငန်း ဆောင်ရွက်နေစဉ် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး၊ ငါးလုပ်ငန်းဆိုင်ရာ ဉပဒေများအကြောင်း၊ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာနှင့် ပတ်သက်သည့်ညွှန်ကြားချက်များ၊ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများ၊ ရေယာဉ်များတွင်ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များနှင့် ဌာနဆိုင်ရာများ၏ ရေလုပ်သားများနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို ဆွေးနွေး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

 

“သင်တန်းက ရက်တိုသင်တန်းဖြစ်ပေမယ့် လက်တွေ့ဖြတ်သန်းလာတဲ့နယ်ပယ်နှင့် ဌာနဆိုင်ရာများရဲ့ အချိန်တိုအတွင်း ပို့ချပေးမယ့်ပညာရပ်တွေနဲ့ ပေါင်းစပ်လိုက်လို့ရှိရင် ပိုပြီးတော့လက်တွေ့နယ်ပယ်မှာ အကျိုးရှိအောင် အသုံးချသွားနိုင်ဖို့ မျှော်လင့်ပြီး သင်တန်းကိုစီစဉ်ဖွင့်လှစ်တာဖြစ်ပါတယ်” ဟု  တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးသံချောင်းက ပြောသည်။

 

သင်တန်းကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းစတင်ခဲ့သည်။ သင်တန်းတွင် ရေလုပ်သား(၅၄)ဦးတက်ရောက်ခဲ့ကြကာ ဇူလိုင်လ(၉)ရက်မှ(၁၀)ရက်နေ့အထိ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊  ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ ကော့သောင်းနှင့် မြိတ်မြို့တို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ် ဆွေးနွေးပို့ချလျက်ရှိကြောင်း  သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

mdn