မြိတ်  ၁၃   အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ် ကုသရေးလုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန် အသင်း(မြိတ်)မှ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နိုင်ရန်အတွက် ဖျားနာအခမဲ့ကုသဆေးခန်းကို အောက်တိုဘာ ၁၂ ရက်က အထက်ရေပုန်းရပ် စပါးရွှေဝါလမ်း သံဃာ့ဆေးရုံတွင် ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့သည်။

 

“မြိတ်မှာ ဖျားနာတဲ့လူနာတွေ အနံ့ပျောက်တဲ့လူနာတွေ၊ ဖျားနာတဲ့လူနာတွေ ရှိလာတဲ့အနေအထားဖြစ် အတွက် ဖျားနာတဲ့လူနာတွေ ကပ်ရောဂါအသွင် အများကြီးကူးစက်ပြန့်ပွားမှုဖြစ်လာခဲ့ရင် ကျန်းမာရေးဌာနမှာ ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးတဲ့အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးတဲ့အနေနဲ့ ဖျားနာအခမဲ့ ကုသဆေးခန်းကို  မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)က  ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။  မြိတ်မှာ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်မှာ ပိုးတွေ့တဲ့လူနာတွေ တော်တော်တွေ့လာရတယ်ဆိုတော့ ပြည်သူလူထုကြားမှာ စိုးရိမ်ပူပန်မှုတွေ လျော့ပါးအောင် လိုအပ်တဲ့ကုသမှုတွေ လိုအပ်သလိုပြနိုင်အောင် ကျွန်တော်တို့ဘက်က ပြည်သူ့ကျန်းမာရေးရယ်၊ ကုသရေးဦးစီးဌာန၊ မြိတ်ဆေးရုံကြီးရယ် အားလုံးချိတ်ဆက်ပြီး ဆောင်ရွက်ပေးနိုင်အောင် ဖျားနာအခမဲ့ကုသဆေးခန်းကို ဖွင့်လှစ်ကုသပေးရခြင်းဖြစ်ပါတယ်” ဟု ဖျားနာအခမဲ့ ကုသဆေးခန်း တာဝန်ခံဆရာဝန် ဒေါက်တာတင်စိုးမိုးက ပြောသည်။

 

ဖျားနာအခမဲ့ကုသဆေးခန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ မွန်းလွဲ (၂)နာရီမှ ညနေ (၄)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ မောပန်းနွမ်းနယ်၊ အသက်ရှူ မဝခြင်း၊ နုံးချည့်ခြင်း၊ ကြွက်သားအဆစ်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်း၊ နှာပိတ်ခြင်း၊ အနံ့အရသာမရခြင်း၊ ဝမ်းလျှောခြင်း၊ ကိုဗစ်သံသယရှိသူများ၊ ကိုဗစ်ပိုးရှိသော လူနာနှင့် ထိတွေ့ခဲ့သူများ၊ ခရီးသွားရာဇဝင်ရှိသူများ စသည့် ရောဂါများကို ကြည့်ရှုကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဖျားနာတာ၊ လည်ချောင်းနာတာ၊ အနံ့ပျောက်တာတို့၊ ကိုဗစ်လူနာနဲ့ထိတွေ့ဖူးတဲ့သူတွေရော ကိုယ့်ကိုယ်ကိုယ် သံသယရှိတဲ့သူတွေရော အကုန်လုံးကို အခုချိန်မှာ အပြင်ဆေးခန်းတွေက အကြောင်းကြောင်းကြောင့် ပိတ်ထားတာဖြစ်တဲ့အတွက် လုပ်သားပြည်သူတွေကို အကူအညီပေးနိုင်အောင်လို့ ရဟန်း၊ ရှင်၊ လူ ပြည်သူတွေ လူမျိုးဘာသာမရွေး အားလုံးကို အခမဲ့ကုသပေးမှာဖြစ်ပါတယ်။ ဘာကြောင့်ပဲဖျားဖျား အိမ်မှာ ကျိတ်ပြီးမကုကြပါနဲ့ ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်တယ်ဆိုရင် ဖျားနာ အခမဲ့ဆေးကုခန်းကို လာပြကြပါ။ မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)က အတတ်နိုင်ဆုံး ဆေးရုံကို ကူညီတဲ့အနေနဲ့ ဝိုင်းဝန်းပြီး လူနာတွေကို ပြုစုစောင့်ရှောက်စောင့်ပေးမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)ဒုတိယဉက္ကဋ္ဌ ဒေါက်တာအေးအေးသိန်းက ပြောသည်။

 

ဖျားနာအခမဲ့ကုသဆေးခန်း ဒုတိယအကြိမ် ဖွင့်လှစ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် အားပေးခဲ့ကြပြီး မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီမှ လှူဒါန်းသည့် PPE ဝတ်စုံ(၂၅)စုံနှင့် အလှူငွေကျပ်(၅)သိန်းကို လှူဒါန်းခဲ့ကြသည်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း(မြိတ်)မှ ဖျားနာ အခမဲ့ကုသဆေးခန်းကို ပထမအကြိမ်အဖြစ် မြိတ်တောင်နယ်မြေတွင် ဖွင့်လှစ်ခဲ့သည်။ ထို့အတူ ဖျားနာအခမဲ့ကုသဆေးခန်းကို မြိတ်ပြည်သူ့ဆေးရုံတွင်လည်း ဖွင့်လှစ် ထားရှိကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)