မြိတ် ၂၄ ဇွန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များကို ပြည်သူများ စားသုံးရန်နှင့် သုံးစွဲရန်မသင့်သော အစားအသောက်နှင့် အလှကုန်များ ရောင်းချခြင်း မရှိစေရေးအတွက် ဇွန် ၂၃ ရက်က မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ စစ်ဆေးပညာပေးခဲ့ကြသည်။
အများပြည်သူသုံးစွဲလျက်ရှိကြသည့် အစားအသောက် အလှကုန်များကို အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် ဈေးအတွင်းအပြင်ရှိ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များကို ကော်မတီမှ စစ်ဆေးခဲ့ကြပြီး တားမြစ်ထားသည့် အစားသောက်နှင့်အလှကုန်များ၊ ဆိုးဆေးပါသော အစားအသောက်များ မရောင်းချကြရန် ပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်။
“အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ထားတဲ့ စားသုံးရန်မသင့်တဲ့ အမှတ်တံဆိပ်၊ အစားအသေက်မှာ သုံးစွဲဖို့ခွင့်မပြုထားတဲ့ ဆိုးဆေးတွေ တာရှည်ခံ ပစ္စည်းတွေ မရောင်ချဖို့နဲ့ စားသောက်ကုန်ဆိုင်ကြီးတွေနဲ့ အလှကုန်ပစ္စည်းဆိုင်တွေကို စစ်ဆေးဆောင်ရွက်ပါတယ်။ အစားအသောက်မှာ ခွင့်မပြုတဲ့ ဆိုးဆေးတွေအကြောင်း တာရှည်ခံပစ္စည်းတွေအကြောင်း၊ အလှကုန်နှင့် ပတ်သက်တဲ့ သိကောင်းစရာ အကြောင်းတွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လက်ကမ်းစာစောင်ဝေငှရင်း ပညာပေးခဲ့ပါတယ်” ဟု မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမေသန်းနုက ပြောသည်။
မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ စစ်ဆေးပညာပေးဆောင်ရွက်ရာ၌ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်များကို စစ်ဆေးခဲ့ကြပြီး အစားအသောက်အချို့ကို နမူနာဝယ်ယူခဲ့ကြသည်။ မုန့်ဖတ်များကို တာရှည်ခံဆေးသုံးစွဲထားခြင်းရှိ/မရှိ မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် စစ်ဆေးသွားမည်ဖြစ်ကာ ဝယ်ယူခဲ့သည့် အစားအသောက် တချို့ကို ခွင့်မပြုဆိုးဆေးများ ပါဝင်မှုရှိ/မရှိကို တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ပို့ဆောင်စစ်ဆေး ဆောင်ရွက်မှုများရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


