မြိတ်   မေ     ၅

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာရှိ တောင်သူ ဦးချမ်းအေး၏ ရတနာတိုး နွေစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို မေ ၅ ရက်က ရိတ်သိမ်းခဲ့ကြသည်။

 

ထိုသို့ နွေစပါးစံကွက်ရိတ်သိမ်းရာတွင် စပါးအစို စံကွက်အထွက်နှုန်း တစ်ဧက (၈၉)တင်းခန့် ထွက်ရှိ၍ စပါးအခြောက် စံကွက်အထွက်နှုန်း တစ်ဧက(၈၂) တင်းခန့်ထွက်ရှိကြောင်း သိရသည်။

 

မြိတ်မြို့နယ်တွင် စပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မိုးစပါးရာသီ၌ စပါးစိုက်ပျိုးသည့်ဧက (၄၂၄၇၆) ဧကရှိ၍ ပျှမ်းမျှတစ်ဧကအထွက်နှုန်းမှာ (၇၁.၆၆)တင်းထွက်ရှိပြီး ဒေသဝမ်းစာ ဖူလုံမှုအနေဖြင့် (၇၆.၃၃) ရာခိုင်နှုန်းရှိကြောင်း၊ မြိတ်မြို့နယ်အတွင်း စပါးစိုက်ပျိုးရာ၌  ရေရရှိရေး နည်းလမ်းများဖြစ်သည့် ဆည်မြောင်းတာတမံများ၊ မြစ်ရေတင်ခြင်းလုပ်ငန်းများ၊ မြေအောက် ရေတူးဖော်ခြင်းလုပ်ငန်းများ စသည့်လုပ်ငန်းများ မရှိသည့်အတွက် သဘာဝမိုးရေ တစ်ခုတည်းကိုသာအားကိုးပြီး စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ အသေးစား၊ အလတ်စားဆည်များ တည်ဆောက်ပေးပါက စပါးစိုက်ဧကများ တိုးတက်လာပြီး စပါးအထွက် နှုန်းများလည်း တိုးလာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြိတ်မြို့နယ်တွင် ယခုနှစ် နွေစပါးရာသီ၌ စပါးစိုက်ပျိုးသည့်ဧက စုစုပေါင်း (၁၁၂)ဧကရှိ၍ တစ်ဧက အထွက်နှုန်း(၇၃)တင်းထွက်ရှိရန် စိုက်ပျိုးရေးဦးစီးဌာနမှ မျှော်လင့်ထားကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)