မြိတ်  ၃၁  မေ


  
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်းမှ သံဃာတော်များနှင့် သီလရှင် ကျောင်းများမှ သီလရှင်များ စုစုပေါင်း အပါး(၄၀၀)အတွက် အခြေခံစားသောက်ကုန် (၄)မျိုးနှင့် ဝတ္ထုငွေများကို ယနေ့ နံနက်ပိုင်းက ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် သံဃာတော်နှင့် သီလရှင် တစ်ပါးလျှင် ဆန် (၁၀)ပြည်၊ ငါးသေတ္တာ (၁၀)လုံး၊  ဆီ(၂)ဘူး၊ ခေါက်ဆွဲထုပ် (၅)ထုပ်စီနှင့် ဝတ္ထုငွေများကို ပြည်ဖြိုးထွန်းနှင့် အောင်မြတ်ဖြိုးကုမ္ပဏီတို့မှ လှူဒါန်းခြင်းဖြစ်ပြီး ပင့်သံဃာနှင့် သီလရှင်အချို့ကို တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် အလှူရှင်များက လှူဒါန်းခဲ့သည်။

 

အဆိုပါ အခြေခံစားသောက်ကုန်(၄)မျိုးကို ပြင်းငယ်ကျေးရွာရှိ မော်တောင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောက်ဖြူတောင်ကျေးရွာရှိ မင်္ဂလာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များနှင့် မြိတ်မြို့ပေါ်ရှိ သီလရှင် (၃၄၄)ပါး စုစုပေါင်း သံဃာတော်နှင့် သီလရှင် အပါး(၄၀၀)အား လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းသည့် အခြေခံစားသောက်ကုန်နှင့် ဝတ္ထုငွေများကို ပရဟိတအဖွဲ့များက ကျောင်းတိုက်အရောက် ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။

     

ခိုင်ထူး ( မြိတ် ပြန်/ဆက် )