မြိတ် ၇ ဖေဖော်ဝါရီ
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်နှင့် စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံရုံး ( Department of International Trade Promotion -DITP) မှ နှစ်စဉ်ကျင်းပလျက်ရှိသည့် Mini Thailand Week 2020 ကုန်စည်ပြပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကမ်းနားလမ်းရှိ Shopping Center တွင် ဖေဖော်ဝါရီလ(၆)ရက် နံနက်ပိုင်း က ဖွင့်လှစ်ခဲ့သည်။
Mini Thailand Week 2020 ကုန်စည်ပြပွဲ ဆိုင်ခန်းပေါင်း(၄၀)ကျော်ဖြင့် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ၊ အစားအသောက်နှင့် အဖျော်ယမကာများ၊ လျှပ်စစ်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်အလှဆင် ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ နေ့စဉ်သုံး အထွေထွေပစ္စည်းများနှင့် အလှကုန် ပစ္စည်းများကို ဖေဖော်ဝါရီလ(၆)ရက်မှ(၉)ရက်နေ့အထိ နံနက်(၁၀)နာရီမှ ည(၉)နာရီအထိ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံရုံးမှ မြန်မာနိုင်ငံမှာ ကုန်စည်ပြပွဲကျင်းပလာတာ (၅)နှစ် သက် တမ်း ရှိလာပြီဖြစ်ပါတယ်။ Mini Thailand Week ကို ရန်ကုန်မြို့အပြင်၊ တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊ ပဲခူး အစရှိတဲ့ မြို့တွေမှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ် (၂၀၂၀)မှာ ပိုမိုအောင်မြင်ပြီး မြန်မာနိုင်ငံ တောင်ဘက်မှာရှိတဲ့ ပိုမိုအောင်မြင်မယ်လို့ ယူဆတဲ့ မြိတ်မြို့ကိုရွေးချယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံရုံးမှ သံမှူးကြီး Assistant Professor Doctor Thanawut Naigowit က ပြောသည်။
ကုန်စည်ပြပွဲတွင် ထိုင်းအနုပညာပြပွဲ၊ ထိုင်းရိုးရာအကအလှဖျော်ဖြေပွဲ၊ ထိုင်းအစားအစာ ချက်ပြုတ်သည့် အစီအစဉ်၊ မိတ်ကပ်ပြင်ဆင်ချယ်သသည့် အစီအစဉ်များ၊ မြန်မာနိုင်ငံမှ နာမည်ကျော် အနုပညာရှင်များပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်များ၊ ဖက်ရှင်ရှိုးများအပါအဝင် စိတ်ဝင်စားဖွယ်ရာ ကံစမ်းမဲ အစီအစဉ်များကို အထူး အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ထိုင်းကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံမှူးကြီးနှင့် တာဝန်ရှိသူများ တက်ရောက် အမှာစကားပြောကြားခဲ့ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထိုနောက် ဝန်ကြီးနှင့် အခမ်းအနား တက် ရောက်လာကြသူများက ထိုင်းကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ခင်းကျင်းရောင်းချလျက်ရှိသော ကုန်ပစ္စည်းများကို ကြည့်ရှုအားပေခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)