မြိတ် ၆ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ လေယာဉ်ကွင်းလမ်းတွင် မီးသတ်တပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ယာဉ်မတော်တဆဖြစ်ပွားမှုများနှင့် မီးလောင်မှုများတွင် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက ယာဉ်မတော်တဆမှု၌ ပိတ်မိနေသောလူနာ ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် အထပ်မြင့် လှေကားတင်ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယာဉ်အုပ်စု(၂)စုခွဲကာ ယာဉ်မတော်တဆမှု၌ ပိတ်မိနေသော လူနာ ကယ်ဆယ်ရေးတွင် သတင်းရရှိသည်နှင့် ယာဉ်အုပ်စု အခင်းဖြစ်ပွားရာနေရာသို့ထွက်ခွာကာ သတ်မှတ်အကွာအဝေးတွင် နေရာယူ၍ မီးလောင်မှုဖြစ်ပေါ်လျက်ရှိသော ယာဉ်အား မီးငြှိမ်းသတ်ခြင်း၊ ကားအတွင်းပိတ်မိနေသူအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက Hydraulic ပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ဆောင်ရွက်ပြီး လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ခြင်း ဇာတ်တိုက်လေ့ကျင့်ကြသည်။
ထို့အတူ အထပ်မြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်းကို သတ်မှတ်ထားသည့် နေရာသို့ ယာဉ်အုပ်စုများ ရောက်ရှိနေရာယူ၍ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးကူးစက်ပြန့်ပွားမှုမရှိစေရန် မီးထိန်းခြင်းနှင့် မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အထပ်မြင့် လှေခါးတင်ယာဉ် အသုံးပြု၍ ပိတ်မိနေသူများကို ကယ်ဆယ်ဆောင်ရွက်ပြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှေးဦးပြုစုခြင်း၊ လူမှုကူညီရေးအသင်းများမှ လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ လှေခါးတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁၃)စီး စုစုပေါင်း (၂၀)စီးဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းဦးဆောင်၍ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


