မြိတ် မတ် ၂၉
မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ပြည်သူလူထု၏ ကျောက်ကပ်နှင့် သက်ဆိုင်သည့် ရောဂါဝေဒနာများကို ကြည့်ရှုစစ်ဆေးကုသပေးမည့် ကျောက်ကပ်သန့်စင်ခန်း အဆောက်အဦ တည်ဆောက်ရန် စေတနာရှင် အလှူရှင်များမှ မတည်အလှူငွေ ကျပ်သိန်း(၁၀၀၀)လှူဒါန်းပွဲကို မတ် ၂၈ ရက် မွန်းလွဲပိုင်းက ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
လှူဒါန်းပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောက်ကပ်သန့်စင်ခန်း အဆောက်အဦကို သီးခြားတည်ဆောက်ခြင်းသည် ပိုမိုကောင်းမွန်သည့်အပြင် ကူးစက်နိုင်မည့် ကိစ္စများအပါအဝင် ကျောက်ကပ်ဆေးရမည့် ဝေဒနာရှင်များ နားနေနိုင်ရန်နှင့် အဘက်ဘက်မှ ဆေးကုသမှု အဆင်ပြေစေမည်ဖြစ်ကြောင်း၊ ကျောက်ကပ်သန့်စင်ခန်း အဆောက်အဦ တည်ဆောက်ပြီးပါက မြိတ်ဒေသဝန်းကျင်တွင်ရှိသည့် ပြည်သူများစွာ အဆင်ပြေကြမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျောက်ကပ်သန့်စင်သည့် စက်များထားမည့် အဆောက်အဦ ဆောက်ရန်အတွက် လှူဒါန်းပေးကြသည့် အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်ကပ်သန့်စင်ခန်း အဆောက်အဦနှင့် ကျောက်ကပ်သန့်စင်ခန်းတွင် အသုံးပြုရန် လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် မတည်အလှူငွေများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အလှူရှင်များ ကိုယ်စား အလှူရှင်တစ်ဦးမှ ရှင်းလင်းတင်ပြပြီး စေတနာရှင်အလှူရှင် (၁၂)ဦးမှ ကျောက်ကပ်သန့်စင်ခန်းတွင် အသုံးပြုရန် လိုအပ်သော ပစ္စည်းများဝယ်ယူနိုင်ရန် ကျပ်သိန်း(၁၀၀)နှင့် ကျောက်ကပ်သန့်စင်ခန်း အဆောက်အဦ တည်ဆောက်ရန် ကျပ်သိန်း(၉၀၀)ကို လှူဒါန်းပေးအပ်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် တည်ဆောက်မည့် ကျောက်ကပ်သန့်စင်ခန်း အဆောက်အဦသည် အလျား (၈၃)ပေ၊ အနံ (၃၅)ပေ၊ RC တစ်ထပ် အဆောက်အဦဖြစ်ပြီး ကျပ်သိန်း (၂၀၀၀)ခန့် ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါအဆောက်အဦတွင် လူနာစမ်းသပ်ခန်း၊ ကျောက်ကပ်သန့်စင်ခန်း၊ ရေသန့်စင်စက်အခန်း၊ ပြင်ပြလူနာကြည့်ရှုအခန်းများ ပါဝင်မည်ဖြစ်ပြီး မကြာမီ တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြည်သူ့ဆေးရုံ ကျောက်ကပ်သန့်စင်ခန်း အဆောက်အဦ တည်ဆောက်ရေးကော်မတီမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)