မြိတ် ၂၆ မတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပြည်သူ့ဆေးရုံတွင် အမေရိကန်နိုင်ငံမှ World Health Ambassador (WHA)အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် မတ်လ ၂၅ နှင့် ၂၆ ရက်တွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ ပြည်သူမျာအား နှလုံး၊ ခွဲစိတ်၊ သားဖွား မီးယပ်၊ အရေပြား၊ သွားနှင့် ခံတွင်းရောဂါများကို လာရောက် စမ်းသပ် စစ်ဆေးပေးပြီး အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
WHA အဖွဲ့မှ Founder of WHA Organization , Cardiologist , Dr Thien Do ဦးဆောင်သော အထူးကု ဆရာဝန်ကြီးများအဖွဲ့နှင့် မြိတ်ပြည်သူ့ဆေးရုံမှ သမားတော်၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာ ရေး ဝန်ထမ်းများ ပူးပေါင်း၍ ကျန်းမာရေး စမ်းသပ်စစ်ဆေးရန် လာရောက်စာရင်းပေးသူ ၆၀၃ ဦးအနက် နှလုံး ရောဂါဝေဒနာရှင် ၁၃၁ ဦး၊ အရေပြားရောဂါဝေဒနာရှင် ၈၁ ဦး၊ သွားရောဂါဝေဒနာရှင် ၈၂၊ ခွဲစိတ်ရမည့်ဝေဒ နာရှင် ၄၀၊ သားဖွားမီးယပ်ရောဂါဝေဒနာရှင်၂၁ ဦး စုစုပေါင်း(၃၅၅)ဦးကို မတ်လ(၂၅)ရက် ညနေပိုင်းအထိ စမ်းသပ်စစ်ဆေး၍ အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
“ မြန်မာနိုင်ငံသည် စီးပွားရေး တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာတယ်။ ဖွံ့ဖြိုးတိုးလာတဲ့အတွက် ကျန်းမာ ရေးနှင့် ပတ်သက်ပြီး ရောဂါဖြစ်မှ ဆရာဝန်ဆီသွားတာ နောက်ကျတဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ပြည်သူတွေ အနေနဲ့ ကိုယ့်မှာရောဂါရှိတာဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် တစ်နှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါ စစ်ဆေးသင့်ပါတယ်။ ဒါမှ ကုန်ကျစရိတ် သက်သာတဲ့အပြင် လူနာတွေရဲ့အသက်ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်” ဟု WHA အဖွဲ့မှ Obstetrics & Gynecology , Dr Huy Phan က ပြောသည်။
WHA အဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်သည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အထက် မြန်မာပြည် နေပြည်တော် မန္တလေးတို့တွင် ဆေးကုသပေးခဲ့ပြီး ယခုတစ်ခေါက်သည် အောက်မြန်မာပြည်အဖြစ် မော်လမြိုင်၊ ထားဝယ်၊ မြိတ် ဆေးကုသမှု အစီအစဉ်ဖြစ်ကြောင်း၊ ထားဝယ်တွင် ဆေးရုံမှာတင်မဟုတ်ပဲ ခရီး လမ်းခက်ခဲတဲ့ ကျေးရွာအထိ သွားရောက်ဆေးကုသပေးခဲ့ကြောင်း WHA အဖွဲ့မှ ဒေါ်ဝင်းမြတ်သူထံမှ သိရသည်။
“ WHA အဖွဲ့အနေဖြင့် မြိတ်နှင့်ထားဝယ်မှာ ပထမဆုံးအကြိမ်လာကုတာပါ။ ယခင်က ထိုင်း၊ ပြင်သစ်နှင့် ဂျပန်တို့က မကြာခဏ လာရောက် ဆေးကုသနေပါတယ်။ WHA အဖွဲ့မှ ဝေဒနာရှင်များကို စမ်းသပ်စစ်ဆေး ကုသပေးပြီးနောက် ဆေးချိန်းလိုအပ်သည့်သူများကို မြိတ်ပြည်သူ့ဆေးရုံရှိ သမားတော်၊ အထူးကု ဆရာဝန်ကြီး များဖြင့် ဆက်လက်ပြသ ဆေးကုသပေးရန်စီစဉ်ထားပါတယ်” ဟု မြိတ်ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာယုယုဝေက ပြောသည်။
မြိတ်ပြည်သူ့ဆေးရုံတွင် လာရောက်စာရင်းပေး ဆေးကုသမှုခံယူသည့် ဝေဒနာရှင်များကို နှလုံး၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ အရေပြားရောဂါများကို မတ်လ(၂၅)ရက်နှင့်(၂၆)ရက်တို့တွင် စမ်းသပ်ကုသပေးမည်ဖြစ်ပြီး သွားနှင့်ခံတွင်းရောဂါကို မတ်လ(၂၅)ရက်တွင်သာ ကုသပေးမည်ဖြစ်ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


